Final.

11.9K 694 134
                                    

သည်ပြတင်းတံခါး အစဥ်ဖွင့်ထားချင်၏။
သည်ကြည်လင်သောမျက်ဝန်း အစဥ်ဆုံစည်းချင်၏။
သည်ကြည်သာသောအပြုံး အစဥ်ငေးမောချင်၏။
သည်နွေးထွေးသောမေတ္တာ အစဥ်လွှမ်းခြုံချင်၏။
သည်ပြတင်းတံခါး အတူပေါင်းစည်းချင်၏။

" လွင်ရေ သွားကြမယ်တဲ့ "

ပြတင်းတံခါးလေးကို ပိတ်လိုက်ကာ ခရီးဆောင်အိတ်လေးကို သူသယ်ယူလိုက်သည်။

" မမအုန်းပါ လိုက်ခဲ့ရင် ပိုပြီးပျော်စရာကောင်းမှာပဲ "

လွင့်စကားကြောင့် မမအုန်းက အသာပြုံးသည်။

" မမအုန်းက အမေ့ကိုထားခဲ့လို့မရလို့ပါ လွင်ရယ် ...လိုက်လို့သာရရင် လိုက်ချင်လွန်းလို့ "

" ပြန်လာရင် မမအုန်းမေမေကြိုက်တဲ့ တောင်ငူက ဝက်အူချောင်းတွေ အများကြီးဝယ်လာခဲ့မယ် "

ဦးမေမေရဲ့အိမ်ပြန်ခရီးကို ဦးရော လွင်တို့မိသားစုရောကပါ လိုက်ပို့ဖို့အကြောင်းဖန်လာသည်။လွင်တို့မိသားစုအတွက် အလည်အပတ်ခရီးစဥ်တစ်ခုဆိုလည်း မှားမယ်မထင်။ တဖက်မိသားစုအိမ်ကို သွားရောက်လည်ပတ်ခြင်းဆိုလည်း မှန်နေတာပင်။

ဦးတို့မိသားစုကလည်း လှိုက်လှိုက်လှဲလှဲပင် ဝမ်းပန်းတသာဖိတ်ခေါ်မှုပြုသည်။

" အိမ်ကိုသေချာပိတ်သွားနော် သမီး...အန်တီတို့လည်း မကြာပါဘူး သုံးလေးရက်ပဲ...ဒီကြားထဲလာမနေနဲ့... အမေ့နားပဲ နေပေးလိုက် "

" ဟုတ်ကဲ့ ဆရာကတော်...ပြန်လာမဲ့ရက်ကို ဖုန်းကြိုဆက်လိုက်နော်...သမီးအိမ်လာရှင်းထားလိုက်မယ် "

မေမေက မမအုန်းကို မှာစရာရှိတာမှာနေချိန်မှာ လွင်က ကားပေါ်ရောက်လာပြီဖြစ်သည်။ဦးကလည်း ကားမောင်းသူနေရာမှာ အဆင်သင့်။

အသက်အရွယ်အရ အပင်ပန်းမခံနိုင်တော့တဲ့ ဖေဖေ့ကို ခရီးဝေးမမောင်းစေချင်တာကြောင့် လွင်တို့နှစ်အိမ်​ပေါင်း ကားတစ်စီးတည်းနဲ့သွားကြမယ်လို့ မနေ့ညက ခရီးစဥ်အတွက်ဆွေးနွေးတိုင်ပင်ပွဲမှာ ဆုံး​ဖြတ်ချက်ချလိုက်ကြသည်။

ဦးက လွင့်ကိုမြင်သည်နှင့် ချိုမြမြပြုံးပြပြီး လွင့်ခေါင်းလေးကို အကြင်နာပိုကာ ခပ်ဖွဖွပုတ်လာသည်။ ပြီးနောက် လွင့်လက်ကလေးကို အနွေးထွေးဆုံး ဆုပ်ကိုင်ထားသည်။

မေတ္တာတော်ကဲ (ေမတၱာေတာ္ကဲ )Where stories live. Discover now