Part - 2

9K 606 20
                                    

" လွင် ဘာတွေဆွဲနေတာလဲ  "

ပုံဆွဲစာအုပ်၏စာမျက်နှာအလွတ်ပေါ်မှာ
လွင်ဟာ စိတ်ကူးထဲက ပန်းချီကားတစ်ချပ်ကို လှပစွာ ပုံဖော်နေသည်။

" ရေခဲတောင်လား "

သူငယ်ချင်းဖြစ်သူ ​မိုးဝေ ၏ မှန်းဆချက်ကို လွင် ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။

မနေ့ညက ကိုကိုက Iceland ( အိုက်စလန် ) နိုင်ငံအကြောင်းကို ဖတ်ပြတယ် ။ သိပ်ကို ငြိမ်းချမ်းတဲ့နိုင်ငံတဲ့ ။ သူတို့နိုင်ငံမှာ စစ်တပ်တောင် မရှိဘူးတဲ့လေ။ လွင် သိပ်သွားချင်နေတာတဲ့ စိတ်ကူးထဲကနေ ပုံဖော်ပြီး ဆွဲနေမိတယ်။

" ဒီတစ်ခေါက် ပိတ်ရက်ရှည်ရောက်ရင် ငါတို့မိသားစုရှမ်းပြည်ကို ခရီးထွက်ကြမှာကွ လွင် မင်းရောလိုက်မလား"

မိုးဝေစကားကြောင့် ဆွဲလက်စလက်တွေဟာ ရပ်တန့်သွားပြီး လက်ထဲကခဲတံကို စာအုပ်ပေါ်မှာ အသာချလိုက်သည်။ မိုးဝေတို့မိသားစုသည် ခရီးသွားလာရတာကို နှစ်သက်ပုံရသည်။မကြာခဏဆိုသလို မိသားစုလိုက်ခရီးတွေ ထွက်ကြသည်။ အရည်လဲ့နေသောမျက်ဝန်းတွေနှင့် မိုးဝေအား ကြည့်လိုက်သည်။ သို့သော်လည်း ချက်ချင်းပင်မျက်ဝန်းတွေဟာ အရောင်မှိန်ကျသွားသည်။

" ငါ့အိမ်က လိုက်ခိုင်းမှာမဟုတ်ဘူး "

လွင်၏အပျော်ဆုံးအချိန်ကို ပြောပါဆိုလျှင် ခရီးထွက်ရသည့်အချိန်ပင်။ မှတ်မှတ်ရရ လွင် သုံးတန်းနှစ်ကမေမေ၏ဇာတိမွန်ပြည်နယ်ဘက်ကို မိသားစုလိုက်ခရီးထွက်ကြသည်။အလွန်ကို ပျော်ဖို့ကောင်းသည်။ထိုတစ်ကြိမ်ပါပဲ။ လွင် ခရီးထွက်ခဲ့သည်မှာ ထိုတစ်ကြိမ်သာရှိသည်။ ဖေဖေ၏မအားလပ်ဘူးဆိုသည့် အကြောင်းပြချက်နှင့် ခရီးမထွက်ဖြစ်ခဲ့ကြပေ။

ခရီးထွက်ရတာကို သဘောကျသည့်လွင်၏စိတ်ကို ကိုကိုတစ်ယောက်သာ သိမြင်သည်။ခရီးတွေကို လိုက်ပို့နိုင်စွမ်းမရှိသေးသည့် ကိုကိုက လွင်အား ပန်းခြံ၊ကစားကွင်းစသည်ဖြင့် လိုက်ပို့ပေးတတ်သည်။ ထိုအချိန်က ကိုကိုသည် ကျောင်းသားသာ ရှိသေးသည်။

လွင်ကို လိုက်ပို့ခြင်း၏ အကျိုးရလဒ်မှာကိုကို ဆူခံရခြင်းပင်။စာမကျက်ဘဲ အချိန်ဖြုန်းနေသည် ဟုဖေဖေကပြောသည်။ အဆင့်ကျရင် အိမ်ပြင်ပေးမထွက်တော့ဘူး ဆိုတဲ့မေမေ့အသံကိုလည်း အခုထိကြားနေရတုန်းပင်။ ကိုကို့ဘေးတွင် မျက်နှာငယ်လေးဖြင့် လက်ပိုက်ကာ ရပ်နေသော လွင်အား ကြည့်ကာ ကိုကိုပြောသော စကားကို လွင် မမေ့သေးပေ။

မေတ္တာတော်ကဲ (ေမတၱာေတာ္ကဲ )Where stories live. Discover now