တိတ်ဆိတ်နေတဲ့ ဧည့်ခန်းအတွင်း လေထုကို စတင်ဖြိုခွင်းလာတာ
လေးလေး၏ ချောင်းဟန့်သံ။

"အဟမ်း !.... သားစေ မင်းဒယ်ဒီကို စကားလေး ဘာလေး ပြောပါအုန်းကွ "

ဦးလေးဖြစ်သူ၏ အပြောကို တစ်ဖက် ဆိုဖာပေါ်မှာ ထိုင်နေသော သားဖြစ်သူ က ကျောမှီထိုင်နေရာ ဆိုဖာမှ ခါးဆန့်၍ မတ်မတ်ထိုင်လိုက်ရုံက လွဲလို့ ဘာစကားမှ မဆိုလာ။ မိမိကိုသာ စူးစိုက်ပြီး ကြည့်နေတာမို့ မာန်ထွဋ်ခေါင် သားဖြစ်သူအား စိတ်လိုလက်ရ ပြုံးပြမိသည်။ သားက သူနဲ့ အတော်ကို စိမ်းနေတာပဲ။ အဖေဖြစ်သူ ရောက်လာတာတောင် ငယ်ငယ်ကလို အဖေဖြစ်သူကို မြင်တာနဲ့ ပြေးဖတ်နှုတ်ဆက်တတ်တဲ့ အမူအကျင့်လေးတွေ တစ်စက်ကလေးမျှပင် မတွေ့ရတော့တာမို့
ဖခင်တစ်ယောက်အနေနဲ့ အနည်းနဲ့အများတော့ နာကျင်ရသည်။
သားဖြစ်သူ ဒီလိုပုံစံဖြစ်သွားရတာ ကိုယ့်အမှားတွေကြောင့်ပဲမဟုတ်ပါလား။
အထီးကျန်နေတဲ့ ကိုယ့်ဘဝ အဆင်ပြေလာဖို့ သားဖြစ်သူ၏ စိတ်အခြေအနေကို မမြင်နိုင်ပဲ အိမ်ထောင်ပြုမိပြန်၏။
ထင်ထားတာ သားက သဘောကျလိမ့်မယ်လို့ ထင်ထားတာ။ အငယ်ကောင်လေး မွေးလာသည့်နောက်ပိုင်း သားက ပိုဆိုးလာတာမို့ ဖြစ်ပြီးသား အခြေအနေကို ပြန်ပြင်ချင်ပါသော်လည်း လွန်ကုန်ပြီမလား။ ကလေးပီပီ ကလေးတစ်ယောက်ကို ထပ်မြင်ရင် စိတ်ပြေပြီး တွယ်တာတတ်သွားမှာပါ ဆိုတဲ့ အတွေးဟာလည်း လုံးဝကို အလွဲပါ။
သားဟာ သူ့အနား သားငယ်လေးကို ခေါ်လာတာမျိုး မကြိုက်။ ဖခင်ဖြစ်သူ ထိုကလေးကို ပွေ့ချီထားတာမြင်လျှင် သောင်းကျန်းတတ်တာမို့ ဦးမာန်ထွဋ်ခေါင်မှာ ကိုယ့်သွေးသားရင်းချာ သားနှစ်ယောက်ကြားအမြဲဗျာများရ၏။
အခုလည်း မျက်နှာချင်းဆိုင်သာ ထိုင်နေပေမယ့် စကားမဆိုလာတာကြောင့် အဖေဖြစ်တဲ့ကိုယ့်ဘက်ကပဲ မာနကြီးလွန်းတဲ့ သားကို စကားစပြောရတာပေါ့။

" ငါ့သားက ဒယ်ဒီတစ်ယောက်လုံး လာလည်တာကို နေနိုင်လိုက်တာကွာ လာပါအုန်းကွ မင်းကလည်း ..."

အဖေဖြစ်သူဘက်က စခေါ်မှ  တစ်ဖက် ဆိုဖာပေါ်မှ ထလာကာ
ခပ်တည်တည်မျက်နှာထားဖြင့် အဖေဖြစ်သူဘေး ဝင်ထိုင်လာတဲ့
သား။ ဦးမာန်ထွဋ်ခေါင် သားဖြစ်သူပုခုံးအား လှမ်းဖတ်ကာ အားပါပါ ဆုတ်ကိုင်မိ၏။ ဒါတောင် မျက်နှာထားက ဂျစ်တီးဂျစ်ကန်။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now