ထိုကော်ဖီဆိုင်လေး၏ထောင့်ကျကျစားပွဲတွင်မျက်နှာချင်းဆိုင်ထိုင်နေသောလူနှစ်ယောက်။ စားပွဲတစ်ခုထဲမှာထိုင်နေတယ်ဆိုပေမယ့်လို့တစ်ယောက်ကိုတစ်ယောက်မည်သည့်စကားမျှတော့မဆိုကြပေ။ လေးထောင့်မကျတကျမျက်မှန်လေးနှင့်ကော်ဖီခွက်ကိုသာအာရုံစိုက်ကာခပ်ဖြေးဖြေးမွှေရင်းအလုပ်ရှုပ်နေတဲ့တစ်ယောက်ကို မဝံ့မရဲခိုးကြည့်ကာအလုပ်များနေတဲ့လူတစ်ယောက်တို့ကပြောစရာစကားပေါင်းမြောက်များစွာရှိနေကြပေမယ့်လို့အတွေးထဲတွင်သာနစ်မျောရင်းတိတ်ဆိတ်မြဲတိတ်ဆိတ်ဆဲပင်။

"မြတ်သဝဏ်......"

တိတ်ဆိတ်နေတဲ့အခြေအနေကိုနာမည်တစ်ခုနှင့်အတူစကားစမိလိုက်တဲ့မှိုင်းညှို့ဆီကိုချက်ချင်းဆိုသလိုရောက်လာတဲ့မျက်ဝန်းတွေ။ မျက်နှာသေနှင့်စူးစိုက်ကြည့်နေတာဆိုပေမယ့်လို့ဘာကြောင့်မှန်းမသိမှိုင်းညှို့ထိုသူ့ဆီကအရှိန်အဝါတစ်ခုခုကိုခံစားမိနေသလိုပင်။

"မြတ်သဝဏ်ရှိတဲ့နေရာကိုပြောပြပေးလို့ရမလား......"

"ငါ့ကိုတွေ့ချင်တယ်ဆိုတာဒီကိစ္စလား......"

မနည်းအားယူကာပြောလိုက်ရသည့်စကားတစ်ခွန်းကိုထိုသူကခပ်စူးစူးစိုက်ကြည့်ကာအမေးတစ်ခုနှင့်ပင်ပြန်တုံ့ပြန်လာသည်။ ထိုသူရဲ့အမူအရာကတည်ငြိမ်ကာအေးဆေးလွန်းနေပေမယ့်မှိုင်းညှို့ကတော့ရင်ထဲမှာဗလောင်ဆူနေလေပြီပင်။ ခေါင်းညိတ်ပြကာအဖြေပြန်ပေးမိသည်နှင့်ထိုသူ့ဆီကနေလှောင်ပြုံးဆန်ဆန်အပြုံးတစ်ပွင့်ကလှစ်ခနဲ။

"ငါကမြတ်သဝဏ်ကိုမသိဘူးဆိုရင်ရော......"

"မဖြစ်နိုင်တာတွေ......ရဏသဝဏ်နဲ့မြတ်သဝဏ်ကသိနေတယ်ဆိုရင်...ကိုစဝ်ထည်ဝါကလည်းမသိစရာအကြောင်းမှမရှိတာ......ရဏသဝဏ်ဘေးမှာအချိန်တိုင်းလိုလိုရှိနေတဲ့သူက ဒီအကြောင်းကျမှမသိဘူးဆိုတာမဖြစ်နိုင်တဲ့အရာပဲလေ......"

မြတ်သဝဏ်အကြောင်းသိချင်ဇောကများနေသည်မို့မှိုင်းညှို့ခပ်မြန်မြန်သာစကားဆိုမိတော့ကိုစဝ်ထည်ဝါကအပြုံးတစ်ပွင့်နှင့်ပင်တုံ့ပြန်လေပြန်တယ်။ သို့သော်အခုတစ်ခါအပြုံးကမဲ့ပြုံး။

Second life ( အချို့သောချစ်ခြင်းတို့သည် )Where stories live. Discover now