Unicode :
" ဘယ်လို! ဒေါက်တာက ထွက်သွားပြီ ဟုတ်လား! "
မနေ့ညကအထိ ဒေါက်တာနဲ့ စာတွေသင်၊ စာတွေကျက်နေခဲ့တာကို ဒီမနက်စောစောမှာ ကြားလိုက်ရတဲ့သတင်းက ဟယ်ဂျူ့ကို သွေးပျက်သွားစေ၏။ မနက်စာစီစဉ်ပေးနေတဲ့ မိခင်ဖြစ်သူရဲ့လက်ကောက်ဝတ်အား အသာဆုပ်ကိုင်လိုက်ပြီးမှ စိတ်ကိုထိန်းရင်း ထပ်မံအတည်ပြုမိသော်လည်း နောက်ဆုံးရလဒ်ဟာ ထပ်တူညီနေဆဲ။
" ဘာကြောင့်လဲဆိုတာတော့ မသိဘူး။ မနက်က ဟင်းသီးဟင်းရွက်ထွက်ဝယ်ရင်းနဲ့ ဟိုဘက်အိမ်ပိုင်ရှင်နဲ့တွေ့ပြီးသိလာရတာ။ အငှားစာချုပ်မပြည့်ခင်မှာဘဲ သော့အပ်ပြီး ထွက်သွားတာတဲ့လေ။ ဘာလို့ဆိုတာကိုတော့ သေချာမပြောသွားဘူးတဲ့။ အမေလည်း အံ့ဩနေတာလေ။ မနေ့ညကအထိ သမီးနဲ့စာသင်နေခဲ့တာကို "
ဟယ်ဂျူဘာဆိုဘာမှပြန်၍ခွန်းတုံ့မပြန်နိုင်တော့။ ခုံပေါ်မှာသာ ငူငူငိုင်ငိုင်ကြီးထိုင်နေရင်း သူ့မိခင်ပြောနေသမျှကိုလည်း နားထဲကြားမည်မဟုတ်။
မနေ့ညကအထိ ဘာထူးခြားမှုမှမရှိဘဲ ပုံမှန်အတိုင်း စာတွေအတူလုပ်နေခဲ့ကြတာပါ။ စ,ရင်း နောက်ရင်းနဲ့ ရင်ခုန်စရာအချိန်လေးတစ်ခုဖြစ်ခဲ့သေးတာကို မနက်ရောက်မှ အရာရာဟာ အိပ်မက်တစ်ခုမက်နေခဲ့သလိုမျိုး ပျောက်ဆုံးသွားခဲ့တာ။
ဘယ်ကိုထွက်သွားလဲ၊ ဘာလို့လဲ ဖုန်းဆက်မေးရအောင်လည်း ဒေါက်တာ့ဖုန်းနံပါတ်မှ ရှိမနေခဲ့တာ။ ဖုန်းနံပါတ်တောင်းဖို့ သတိမရတာမဟုတ်သော်လည်း အိမ်ချင်းကပ်နေတော့ မလိုဘူးလို့ပဲ ထင်ခဲ့တာမို့ အခုအချိန်မှာ နောင်တတွေနဲ့ တိတ်ဆိတ်နေရုံသာ။
ဟယ်ဂျူ မနက်စာစားဝိုင်းမှာလည်း ဘာဆိုဘာမှဝင်မပြောဖြစ်တော့ဘဲ ကော်ဖီကိုသာအရသာခံဖို့ မေ့စွာ အသိစိတ်လွတ်လွတ်နဲ့ သောက်နေမိသည်။ ခေါင်းထဲမှာ ဘာလို့လဲ၊ ဘာကြောင့်လဲ အစရှိသဖြင့် မေးခွန်းပေါင်းများစွာက နေရာယူနေတာတောင်မှ သူ့အနေနဲ့ မေးဖို့အခွင့်မရှိသေး။
နှုတ်ဆက်ဖို့တောင် မကြိုးစားလေဘဲ နေ့ချင်းညချင်းခြေရာဖျောက်သွားတဲ့ ဒေါက်တာ့ကို စိုးရိမ်တာထက် စိတ်ဆိုးမိတာ။ မနေ့ညကအထိ ဘာဆိုဘာမှ အရိပ်အမြွက်လေးတောင်မပြောခဲ့လေဘဲနဲ့ ရုတ်တရက်ကြီးပစ်ထားရစ်ခဲ့တာ။
![](https://img.wattpad.com/cover/338696766-288-k686085.jpg)