ဒီလိုနေ၊ဒီကိုသွား၊ဒီဟာစားဆိုပြီးနေခဲ့ရသူမလို့ ဘာမဆို၊ဘာပဲ​ဖြစ်ဖြစ်ဆိုတဲ့ စကားလုံးတွေက လွင့်လက်သုံးစကားတစ်ခုလိုပဲမဟုတ်လား။

" ဦးကြိုက်တာ ထည့်ပေး "

" လွင်ကြိုက်တာကို ပြော "

ကလေးနှစ်ယောက်ကို ဘယ်တစ်လှည့်ညာတစ်လှည့် ကြည့်ပြီး ဒေါ်ခင်ထားနွယ် သဘောကျကာ ပြုံးမိသည်။
သူ့အကြိုက်ကိုယ့်အကြိုက်ဦးစားပေးနေတာနဲ့ မနက်စာရောစားရပါဦးမလား။

မိမိသားကြီး၏ဒီကလေးအပေါ်ထားတဲ့စိတ်ဟာ ပေါ့ဆဆမဟုတ်မှန်းတော့ အမေဖြစ်သည့်သူက ရိပ်မိတာပေါ့လေ။

" ဪ... သားမောင်ကကွယ် ကလေးကမှ မစားဖူးတာ ဘယ်ဟာပိုကောင်းလဲ ဘယ်သိမတုန်း "

မိမိစကားကြောင့် ဇွန်းတစ်ချောင်းကိုယူကာ ဟင်းရည်အပျစ်ကိုခပ်ပြီး လွင့်ပါးစပ်နားကိုတည့်ပေးသည်။ ထို့နောက် ဟင်းရည်အကျဲကို တည့်ပေးပြန်သည်။

" ဘယ်ဟာကြိုက်လဲ "

လွင် ဟင်းရည်အပျစ်ကို ထိုးပြလိုက်တော့ မဆိုင်းမတွပြင်ပေးသည်။ တောင်ငူမုန့်ဟင်းခါးက တကယ်စားလို့ကောင်းသည်။ဦး ပြင်ပေးတာကြောင့် ပိုအရသာရှိသည်ထင်။

ဦးမေမေရော လွင်ရောက စားနေပြီဖြစ်ပေမဲ့ ဦးက အခုထိမစားရသေးပင်။

" ဦးကို လွင်ထည့်ပေးမယ် "

ပန်းကန်တစ်လုံးကိုယူလိုက်ပြီး ဦး လွင့်ကို ထည့်ပေးသလို မုန့်ဖတ်ရယ်ဟင်းရည်အပျစ်ရယ်ထည့်ကာ ဦးအား ပေးတော့ ဦးက " ကျေးဇူး လွင် " ဆိုတုံ့ပြန်သည်။ ဦးအတွက် မနက်စာပြင်ပေးရတာကြောင့် လွင်ပျော်နေမိသည်။

" သားဦးက အရည်ကျဲလေးနဲ့ပိုကြိုက်တယ် "

" အာ "

ဦးမေမေစကားကြောင့် အပျော်တွေက​ကြက်​ပျောက်ငှက်​ပျောက်။ ကပြာကယာဝမ်းသာ ကပြာကယာဝမ်းနည်းဆိုတာ ဒီလိုအခိုက်အတန့်ကိုပြောနေမည်။

ဟုတ်ပေသားပဲ​လေ။ဦးဘာကြိုက်လဲ လွင်မမေးလိုက်မိ။ လွင်ကြိုက်တာကို ဦးကြိုက်ချင်မှ ကြိုက်မှာပေါ့။ လွင်က တကယ်အသုံးမကျဘူးပဲ။ ထိန်းမနိုင်စွာ လွင်မျက်နှာက ညှိုးငယ်သွားသည်။

မေတ္တာတော်ကဲ (ေမတၱာေတာ္ကဲ )Where stories live. Discover now