အပေါ်ထပ် တက်သော လှေကားနှစ်ဆင့်ကွေ့ နေရာတွင်လဲ လူမိုက်စတိုင်လ် လိုလို ကျောင်းသားများဟာ ဟိုတစ်စု ဒီတစ်စု ။
လှေကားအဆုံး အပေါ်ရောက်ရောက်ချင်း ညာဘက်ခန်းသည် ၉တန်းခန်းဟု ဆိုကာ အိုက်လျှမ်းခေါ်ဆောင်ရာအခန်းထဲ အူလည်လည်နှင့် လိုက် ဝင်ရပြန်သည်။  အတန်းထဲတွင် လူ ၅ယောက်စ ၆ ယောက်စသာ ရှိသေးပြီး မိန်းကလေးက များနေသည်။ အတန်းထဲ ဝင်လာသော ကျွန်တော့်အား ထူးဆန်းသလို ဝိုင်းကြည့်နေကြတာမို့ လည်ဂုတ်ကိုသာ ရှက်ရမ်းရမ်းကာ ပွတ်နေမိသည်။ ရှမ်းတိုင်းရင်းသူတွေက ပွင့်လင်းတာလား ၊ ဘာလားတော့ မသိပါဘူး။ မျက်တောင် မခပ်ပဲနဲ့ကို စိုက်ကြည့်နေကြတာ အကြည့်ခံရတဲ့ ကျွန်တော်က မနေတက်တော့ လွတ်တဲ့ခုံမှာ ဝင်ပဲထိုင်ရမလို၊ ရပ်ပဲရပ်နေရမလိုနဲ့
အနေခက်လှ၏။ ဒါကို အိုက်လျှမ်းက ရိပ်မိ၏။

"အိုက်သာ လာ ရှေ့ဆုံးခုံက ဦးစရာတောင်မလိုဘူးကွ ဘယ်သူမှ မလာသေးလို့ လွတ်နေတုန်း"

တစ်ယောက်ထိုင်စားပွဲနှင့် ထိုင်ခုံ နှစ်စုံက ကပ်လျက်မို့ နှစ်ယောက် တစ်တန်း ထိုင်ရမှန်း သိလိုက်၏။  အိုက်လျှမ်းနှင့်သာ အတူတူထိုင်ရမှာမို့ ပိုပျော်ပါသည်။ ရှေ့ဆုံးတန်း၏ နံရံဘက်ကျသော နေရာကို အိုက်သာက အရင်ဝင်၏။
သူ့ဘေးက နေရာကို ကျွန်တော်လဲ လိုက်ဝင်ထိုင်လိုက်သည်။
ခုံ ကောင်းမကောင်းစစ်နေသော အိုက်လျှမ်းက ကျွန်တော့် စာရေးစားပွဲအား ကြည့်ကာ

"ဘယ် ခဝှေးသားတွေက လက်ကမြင်းထားမှန်းမသိဘူး ကျောင်းပစ္စည်းပေါ်လဲ ဗရုတ်သုတ်ခပုံတွေ လျှောက်ခြစ်ထားတယ်"

အိုက်လျှမ်း နှုတ်ခမ်းထော်ထော်ဖြင့် ပွစိပွစိပြောနေတာမို့ ကျွန်တော့် စားပွဲအားကြည့်လိုက်ရာ ခဲချွန်ဓားပါးဖြင့် အရိုးခေါင်းပုံ ၊ အသည်းနှစ်ခြမ်းကွဲနေပုံ၊ ကျွန်တော် နားမလည်တဲ့ ရှမ်းစာ များဖြင့် စာအချို့ရေးထားတာမို့ စားပွဲဟာ အဖုအထစ်တွေနှင့် ရစရာမရှိတော့ပါ။

"လာ အောက်ထပ်က လှေကားနားမှာ ခုံလွတ်တွေ ရှိသေးတယ် ကောင်းတာ သွားရွေးမယ် ဒီစုတ်ပြတ်နေတာနဲ့ မရေးနဲ့။"

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now