ဒီနေ့လိုနေ့မျိုးက အမှန်တကယ်ပဲရောက်လာခဲ့တာလား ၊ ရှောင်လွှဲခွင့်မရတော့တဲ့ နောက်ဆုံးခြေလှမ်းကို လှမ်းဝင်မိသွားပြီပေါ့ ။
မိတ်ကပ်ဆရာက တိမ်စိုင့်မျက်နှာကို မင်္ဂလာမိတ်ကပ် လိမ်းခြယ်နေချိန် မျက်နှာချင်းဆိုင် အရှေ့က မှန်ကို ခပ်တွေတွေငေးကြည့်ရင်း ထိုအတွေးကို ခပ်လေးလေးနှင့်သာ တွေးမိခဲ့သည် ။ ဘေးကို အသာငဲ့ကြည့်တော့ ဘေးနားမှန်တင်ခုန်ရှေ့မှာလည်း မင်္ဂလာဂါဝန်ဖြူဖားဖားကြီးနှင့် အလှပဆုံးဖြစ်နေသည့် လေပြည်က သူ့အရှေ့မှန်မှတဆင့် တ်မ်စိုင့်ကို လှမ်းကြည့်ရင်း ပြုံးပြလာလေသည် ။
"ရင်ခုန်နေပြီလား တိမ်စိုင်.."
လေပြည်က ခပ်ပြုံးပြုံးလေးပင် မေးလာတော့ တိမ်စိုင်လည်း မသိမသာ ခေါင်းညိတ်ပြရင်း-
"အင်း..နည်းနည်းပေါ့.."
အပြုံးနှင့်သာ ပြန်ပြောလိုက်သည် ။ သူက..တိမ်စိုင်ယူရမည့် မိန်းမ ၊ ခင်ပွန်းကောင်းပီသစွာနှင့် တန်ဖိုးထားမြတ်နိုးပေးသင့်သည့်အမျိုးသမီးငယ် ။ ဘယ်လောက်ပဲ အနိုင်ပိုင်းယူခဲ့ပါသည်ဆိုဦးတော့..တိမ်စိုင့်ဘက်ကလည်း လက်ထပ်ဖို့ကို ခေါင်းညိတ်လက်ခံခဲ့တာပဲလေ ။
တိမ်စိုင်တစ်ယောက် လေပြည့်ဆီမှ အကြည့်ပြန်လွှဲလိုက်ပြီး ကိုယ့်ရုပ်ကိုကိုယ် ပြန်ငေးကြည့်လျက်..။
အခု ငါက..သိပ်မကြာခင် အမျိုးသမီးတစ်ယောက်ရဲ့ ခင်ပွန်းဖြစ်တော့မှာ ၊ ပေါင်းသင်းဆက်ဆံရမယ့်အမျိုး သမီးကလွဲလို့ အခုချိန်မှာ တခြားသူတွေကို မမျှော်လင့်သင့်တော့ဘူး ။
ကိုယ့်နှလုံးသား၏ အလိုဆန္ဒကို ဦးနှောက်က အပြင်း အထန်ကို တားမြစ်နေခဲ့သည် ။ မလုပ်သင့်ဘူး ၊ မတွေးသင့်ဘူး ၊ မမျှော်လင့်သင့်တော့ဘူးဆိုတာကို လက်မခံချင်လည်း လက်ခံရမည် ။
တိမ်စိုင်လက်ထပ်တော့မည်ဆိုတာကို သူရိန့်အား အသိမပေးခဲ့ ။ အခုထိလည်း သိလောက်မှာမဟုတ်ချေ ။ မသိတာလည်း တစ်မျိုးတော့ ကောင်းပါတယ် ။
မိုးတိမ်စိုင်တစ်ယောက် အသက်ကို ခပ်လေးလေးရှူသွင်းလိုက်ပြီး ထိုအချိန်၌..။