အခန်း (၁၅)

2.1K 179 15
                                    

နောက်တစ်နေ့ မနက်တွင် သတ္တိ၏ မိဘများသည် သတ္တိ ခန့်မှန်းထားသည်ထက် ပို၍ စောစွာ ပြန်ရောက်လာကြသည်။ ဖေဖေတို့ စီးသွားသည့် Super Custom ကားကလေးသည် ဆင်ဝင်အောက်သို့ ထိုးရပ်လိုက်ချိန်တွင်တော့ သတ္တိအတွက် မနက်စာ ပြင်ဆင်ပေးနေသည့် ကြီးကြီးမိုးတစ်ယောက် မီးဖိုချောင်ထဲမှ အပြေးထွက်ကာ ပစ္စည်းများ သယ်ပေးရတော့သည်။

ကားအနောက်ခန်းထဲတွင်တော့ မူဆယ်မှ ဝယ်လာသည့် ကတ္တီပါနှင့် ပိုးသား ပိတ်စအလိပ်များ၊ ဘော်ကြယ်အိတ်များ၊ စီးကွင့်ဖန်စီအလှကျောက်အိတ်များစွာဖြင့် ပြည့်နှက်ရှုပ်ယှက်ခတ်နေသည်ကို သတ္တိ လှမ်းမြင်နေရသည်။ ထို့အတူ မေမေ့၏ အသံဆာဆာကိုလည်း သတ္တိ လှမ်းကြားနေရပါသည်။

"ဟဲ့... မောင်ထူး၊ အလိပ်တွေနဲ့ စီကွင့်တွေကို မန္တလေး အလုပ်ရုံက မန်နေဂျာ ဦးအောင်မောင်းကို ပေးထားလိုက်။ ဒီအိတ်အမည်းနဲ့ ထုပ်ထားတာတွေကို အလုပ်သမားခေါင်းဆောင် ဒေါ်ခင်အုန်းတင့်ကို ပေးလိုက်... ရန်ကုန်က အထူးအော်ဒါ စိန်ထိုး ရာဇမတ်ကွက် ဝတ်စုံနဲ့ မလ္လိကာတန်ဆာအတွက်လို့ ပြောလိုက်... ကြားလား..."

"ဟုတ်ကဲ့ သူဌေး..."

မန္တလေး အလုပ်ရုံမှ ဒရိုင်ဘာ မောင်ထူးသည် မေမေ့အား သူဌေးဟု သုံးနှုန်းကာ ရိုရိုကျိုးကျိုး ပြုမူဆက်ဆံရသည်။ သူဌေးဆိုသည့် အခေါ်အဝေါ်ကိုလည်း မေမေကပင် သတ်မှတ်၍ ခေါ်ဆိုစေခြင်းဖြစ်၏။ ဒရိုင်ဘာ မောင်ထူး အလုပ်ဝင်ကာစက မေမေ့အား ရင်းရင်းနှီးနှီးဖြင့် အန်တီဟု ခေါ်လိုက်သည်ကို မေမေက...

"ငါနဲ့ နင်က ဘာအမျိုးတော်လို့ အန်တီလို့ ခေါ်တာလဲ။ နင်က အလုပ်သမား၊ ငါက အလုပ်ရှင်။ ငါ့ကို အန်တီလို့ ခေါ်စရာ အကြောင်းမရှိဘူး။ ငါ့ကို သူဌေးလို့ပဲ ခေါ်... ကြားလား" _ ဟူ၍ မောက်မာရင့်သီးစွာ ပြောဆိုလိုက်သည်ကို နားနှင့်ဆက်ဆက် ကြားလိုက်ရသည့် သတ္တိပင် မျက်နှာကို ဖြတ်လိုက်ခံလိုက်ရသလိုပင် ခံစားသွားရသည် မဟုတ်လား။ ကာယကံရှင်ဖြစ်သည့် ကိုမောင်ထူးဆိုလျှင် ဘယ်လိုခံစားရမည်ဆိုသည်ကို သတ္တိ တွေးပင် မကြည့်ဝံ့ပါ။

"သတ္တိ နိုးပြီလား ဒေါ်မိုး"

"ဟုတ်ကဲ့ သူဌေးမင်း၊ နိုးနေပါပြီ"

အပျိုးမဲ့ နိဒါန်း... အဆုံးမဲ့ နိဂုံး {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮}Where stories live. Discover now