အခန်း (၁၀)

2.6K 211 13
                                    

သတ္တိ၏ အခန်းဝမှ မျက်ဝန်း နှစ်စုံ၏ အကြည့်စူးစူးများအကြားတွင် ဟန်မင်းနိုင်ပင် အနေရ ကြပ်လာသည်။ သတ္တိသည်တော့ ဟန်မင်းနိုင်နှင့် ခြေတစ်လှမ်းစာ အကွာအဝေးတွင် ခေါင်းကလေးကို ငုံ့ကာ ကြမ်းပြင်ကိုသာ တွေတွေ စိုက်ကြည့်နေတော့၏။

"ဟဲ့ မေးနေတယ်လေ...၊ မှန်မှန်ပြောစမ်း... နင်တို့ လူကြီးတွေ မရှိတဲ့ အချိန်မှာ ခိုးတွေ့နေတာ ဘာလုပ်ဖို့လဲ ဟမ်..."

သတ္တိ အမေ၏ ‌မေးခွန်းသည် ဟန်မင်းနိုင်၏ ပါးကို ဆွဲရိုက်လိုက်သလိုပါပင်။ ‌မဟုတ်မခံစိတ်ရှိသူပီပီ ဒေါသများလည်း ထောင်းခနဲ ထွက်သွားရသည်။

"ကျွန်တော်တို့ ခိုးတွေ့နေတာ မဟုတ်ဘူး အန်တီ။ သူငယ်ချင်းတစ်ယောက်နဲ့ တစ်ယောက် ခိုးတွေ့စရာ အကြောင်းလည်း တစ်စက်မှ မရှိဘူး။ ကျွန်တော် စာလာကူးတာ..."

"ရိုးရိုးသားသား စာလာကူးတာဆိုရင် ဧည့်ခန်းထဲမှာ ကူးလို့ ရတာပဲ။ ဘာကိစ္စ အိမ်ပေါ်ထပ်ထိ တက်ပြီး အခန်းထဲထိ ဝင်ကူးရတာလဲ..."

မလိုအပ်ဘဲ တမင် ထည့်သုံးသည်ဟု ယူဆရသည့် ရိုးရိုးသားသားဆိုသည့် စကားလုံးကြောင့် ဟန်မင်းနိုင်၏ စိတ်တို့ ပို၍ ပေါက်ကွဲသွားရသည်။

"ရိုးသားတဲ့ လူအဖို့ ဧည့်ခန်းထဲမှာ မကလို့ အိပ်ခန်းထဲပဲ ဖြစ်ဖြစ် ဘာမှ ထွေထူးနေမှာ မဟုတ်ဘူး အန်တီ။ အကယ်၍ ကျွန်တော့်မှာသာ မရိုးမသားစိတ်ရှိခဲ့ရင် ဧည့်ခန်းထဲမကလို့ လူမြင်ကွင်းမှာပဲ ဖြစ်နေပါစေဦး၊ ကျွန်တော် လုပ်ချင်တာ လုပ်လိုက်ဖို့ ဝန်မလေးဘူး..."

ဟန်မင်းနိုင်၏ ချေပစကားကြောင့် ဒေါ်ဝင့်ဝင့်ထည်မှာ ရှူးရှူးရှဲရှဲဖြစ်သွားတော့သည်။

"ကြည့်စမ်း...၊ ငါ့အိမ်ပေါ် တက်ပြီး ငါ့ကို စော်ကားနေလိုက်တာ။ မင်း မိဘတွေက လူကြီးတွေကို ဘယ်လိုဆက်ဆံပြောဆိုရမယ်ဆိုတာကို သင်ပေးမထားဘူးနဲ့ တူတယ်"

"ဟုတ်ကဲ့...၊ ကျွန်တော့်ရဲ့ ဖေဖေက လူကြီးဆိုတိုင်း ပြောသမျှ ငြိမ်ခံမနေရဘူး... လူကြီးပီသတဲ့ လူကြီးတွေကိုပဲ လူကြီးလို့ သတ်မှတ်ပြီး ရိုရိုသေသေ လေးလေးစားစား ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြောဆိုရမယ်လို့ ဆုံးမထားပါတယ်"

အပျိုးမဲ့ နိဒါန်း... အဆုံးမဲ့ နိဂုံး {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮}Where stories live. Discover now