Unicode:
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကိုယ်တခြားတစ်ယောက်ကို ချစ်မိသွားခဲ့ရင်တောင်မှ...
မင်းဟာ ကိုယ့်အတွက် ထာဝရအချစ်ဦးပါ။Mood song : First Love by Hikaru Utada
°°°°°°°°°
၂၀၀၈ ခုနှစ် | နွေရာသီ
ဂျပန်နိုင်ငံဧပြီ ( အေပရယ် ) လထဲရောက်ပြီမို့ အထက်တန်းကျောင်းများပြန်ဖွင့်တော့မယ်တဲ့။ ထမင်းစားခန်းထဲမှာ ပြောနေကြတဲ့အသံကြောင့် ဟယ်ဂျူ လှေကားထိပ်မှာရပ်နေရင်း သက်ပြင်းချမိသည်။
သူဂျပန်ကိုရောက်လာတာ အခု သုံးနှစ်ကျော်ပြီ။ လွန်ခဲ့တဲ့လေးနှစ်... ဟယ်ဂျူရဲ့ မိဘတွေကွာရှင်းမှုကြောင့် ဟယ်ဂျူဟာ မိန်းကလေးပီပီ မိန်းမသားဖြစ်တဲ့မိခင်ဆီမှာပဲ ကျန်ရစ်ခဲ့သည်။ တစ်နှစ်လောက်အကြာမှာတော့ မိခင်ဖြစ်သူဟာ နောက်ထပ်တစ်အိုးတစ်အိမ်ထူထောင်တော့မယ့်အကြောင်းကို ဖွင့်ဟလာတာမို့ ဟယ်ဂျူအစပိုင်းတော့ အင်တင်တင်ဖြစ်နေခဲ့ပေမယ့် နောက်တော့လည်း မတတ်နိုင်ခဲ့။
အမေ့အချစ်သစ်က ဂျပန်နိုင်ငံကနေ ကိုရီးယားကို ခဏပြန်လာလည်တဲ့ ဂျပန်နိုင်ငံမှာအလုပ်လုပ်နေသူ ကိုရီးယားလူမျိုး။ ဂျပန်နိုင်ငံက နယ်မြို့လေးတစ်ခုမှာ ကျောင်းဆရာအဖြစ်လုပ်နေတယ်လို့တော့ ကြားဖူးတယ်။ တခြားတော့ ဟယ်ဂျူလည်း သေချာမသိ။ ထိုလူအကြောင်း သိလည်းမသိချင်တော့တာမို့။
လွန်ခဲ့တဲ့သုံးနှစ်လောက်ကမှ ဟယ်ဂျူအမေနဲ့ ထိုလူထိမ်းမြားလက်ထပ်ခဲ့ပြီး ထိုလူရဲ့အလုပ်ရှိရာ ဂျပန်နိုင်ငံရှိ နယ်မြေလေးသို့ပဲ ဟယ်ဂျူတို့သားအမိ ပါလာခဲ့သည်။
သုံးနှစ်အတွင်းတော့ ဂျပန်စကားကို ထမင်းစားရေသောက် အသုံးပြုလာနိုင်ပေမယ့် အသားမကျသေးတာကတော့ ဟယ်ဂျူရဲ့စိတ်။ ကိုရီးယားမှာကျန်ခဲ့တဲ့ သူငယ်ချင်းတွေကို လွမ်းတယ်။ အိမ်နီးနားချင်းတွေနဲ့ ဆွေမျိုးတွေကိုရော လွမ်းတယ်။ ဒီမှာ ကျောင်းတက်တာ သုံးနှစ်ရှိပေမယ့်လည်း ဟယ်ဂျူ့အတွက်တော့ ကျောင်းဟာ အသားမကျသေးတဲ့အရာတွေထဲက တစ်ခု။
သူငယ်ချင်းဆိုတာလည်း မယ်မယ်ရရမရှိ။ စကားလာပြောရင် ပြန်ပြောလိုက်တဲ့ မေးထူးခေါ်ပြောအဆင့်သာ။ ဒါကြောင့် ဂျပန်နိုင်ငံရဲ့ လှပတဲ့ကျောင်းဖွင့်ရာသီဟာ ဟယ်ဂျူအတွက်တော့ အထီးကျန်ဆန်လှသည်။
.
.
.