(၇) where's my vrownie

349 62 9
                                    

ဒေစီပန်းလေးတွေရဲ့ အဓိပ္ပာယ်က ချစ်နေရင်တောင် ဖွင့်မပြောတော့ဘူးတဲ့လေ။ ကျွန်တော်လည်း သခင်ကြီးအပေါ်ထားတဲ့ မေတ္တာတရားတွေအကြောင်း ထုတ်ပြောဖြစ်မယ် မထင်ဘူး။ ကျွန်တော့်မှာ အဲ့လောက်သတ္တိမရှိဘူး သခင်ကြီးရယ်။

" သခင်ကြီး "

" ပြောလေ ဂျွန်ငယ် "

" ပန်းလေးတွေက ဘယ်တော့မှ ပွင့်လာမှာလဲဟင် "

" အခုမှစစိုက်တုန်းပဲ ရှိသေးတာလေ ဂျွန်ငယ်ရဲ့။ အချိန်တစ်ခုကြာအောင်တော့ ကိုယ်တို့တွေ စောင့်ရဦးမှာပေါ့ "

" ပန်းလေးတွေ ပွင့်လာမှာပါနော် "

" ဂျွန်ငယ်ကသာ သေချာဂရုစိုက်ပေးရင် ပန်းလေးတွေ ပွင့်လာမှာပါ "

ပန်းပင်စိုက်ခြင်းအမှု ပြီးဆုံးသွားလေပြီမို့ စံအိမ်ဘက်သို့ နှစ်ဦးသား ပြန်လှည့်လာလေသည်။ ခြေတံရှည်များပိုင်ရှင်ဟာ ခပ်ကျယ်ကျယ်ခြေလှမ်းကိုသာ လှမ်း၏။ အနောက်တိုင်းဝတ်စုံပြည့် မဟုတ်ပဲ ကုတ်အင်္ကျီကို ချွတ်ထားသည်မို့ ကျစ်လျစ်သွယ်လျသော ကိုယ်လုံးမှာ အထင်းသား။

သူ့အနောက်တွင်တော့ မတူညီစွာ ဖြစ်တည်နေသည့် အနွေးလုံးလေး လိုက်ပါနေ၏။ အဝေးကကြည့်လျှင် နှင်းလုံးကြီးလိမ့်နေသည်ဟုပင် ထင်မှားကြပေလိမ့်မည်။ သိုးမွေးအနွေးထည်အဖြူမှာ ‌ရှည်လွန်းနေသောကြောင့် ပေါင်တစ်ဝက်နီးပါး ဖုံး‌အုပ်၏။ ထို့အပြင် တွဲဖက်ဝတ်ဆင်ထားသည့် သိုးမွေးဘောင်းသီနှင့် မာဖလာသည်လည်း အဖြူရောင်သာဖြစ်လေသည်။

" သခင်ကြီး စောင့်ဦး "

အနောက်ကို လှည့်ကြည့်လိုက်သောအခါ မိမိဆီသို့ လှုပ်စိလှုပ်စိဖြင့် လျှောက်လှမ်းလာသူကို အသည်းယားစဖွယ် တွေ့ရလေသည်။

" ဖြည်းဖြည်းလာ ဂျွန်ငယ် "

လာနေသူဟာ ဖြည်းဖြည်းသာလာသော်လည်း မျှော်သူက သိပ်အကဲပိုလွန်းပါ၏။ ထိုအရာသည်လည်း အချစ်၏ ပဲ့ကြွေလာသော အနားသတ် အပိုင်းအစဖြစ်ပေလိမ့်မည်။

" သခင်ကြီးက လမ်းလျှောက်တာ သိပ်မြန်တာပဲ။ ကျွန်တော်မနည်းလိုက်နေရတယ် "

Where's my (b) vrownie Where stories live. Discover now