အပိုင်း {၁} [ခ]

8.7K 735 17
                                    

ဆွဲခေါ်ခြင်းခံရသည့် ခြေလှမ်းတွေက တုန့်နှေးတုန့်နှေး။ အိမ်ကြီးထဲဝင်လာတော့မှ ဆွဲထားခြင်းခံရတဲ့ လက်ကလေးပြုတ်ပြီး ခြေလှမ်းတွေရပ်တန့်သွားသည်။

"ညွှန်းလေးကို မေမေဘာပြောထားလဲကွယ် ဟမ်"

လေသံဟာမကျယ်ပေမဲ့ သူ့ကိုဆူနေတယ်လို့ ညွှန်း ခံစားလိုက်မိသည်။

"ဟို... ဘောလုံးသွားကောက်တာပါ မေမေ"

ညွှန်းရဲ့ အကြောင်းပြချက်ကြောင့် သူ့မေမေက သက်ပြင်းသဲ့သဲ့ချသည်။ ပြီးသည်နှင့် ဘာမှမပြောပဲ ခေတ္တငြိမ်သွား၏။ ညွှန်း ရင်ထဲ သူ့အမေစိတ်ဆိုးသွားမှာကြောက်ပြီး ငိုချင်လာသလို နောက်ဆို စကားနားထောင်ပါ့မယ်လို့စိတ်ထဲ တတွတ်တွတ်ပြောနေမိသည်။

"အခန်းထဲသွားနှင့်တော့ ညွှန်းလေး ကစားပြီးပြီမလား ရေချိုးဖို့ပြင်ထား မေမေ လာခဲ့မယ်"

"ဟုတ်"

ညွှန်း မျက်နှာငယ်လေးနှင့် လှေကားအကွေ့ကောက်တွေကိုတက်ရင်း သူ့အခန်းရှိရာသို့သွားလိုက်သည်။ ခဏအကြာမှာ သူ့မေမေဟာလည်း အိပ်ခန်းထဲသို့ ဝင်လာ၏။

"အိုး ညွှန်းလေး မေမေ ရေချိုးဖို့ အဆင်သင့်ပြင်ထားလို့ပြောတာကို ဒီတိုင်း ကုတင်ပေါ်ထိုင်နေရလားကွယ်။ လာခဲ့ မေမေချွတ်ပေးမယ်"

ညွှန်း အနားလာကာ ညွှန်းအဝတ်စားတွေ ချွတ်ပေးဖို့လုပ်နေသည့် သူ့အမေကို စိတ်တင်းကာဖြင့် ပြောရတော့သည်။

"ညွှန်း တောင်းပန်ပါတယ်နော် မေမေ။ ညွှန်းကို စိတ်မဆိုးပါနဲ့ ညွှန်း မနေတတ်ဘူး"

ညွှန်း စကားလေး အဆုံးမှာ သူ့မေမေရဲ့ တွန့်ခေါက်နေတဲ့ မျက်နှာဟာပြေလျော့သွားသည်။ ပြီးတော့ သက်ပြင်းချပြန်သည်။

"မေမေက စိတ်မဆိုးပါဘူး သမီးရယ်"

"မေမေစိတ်ဆိုးပါတယ် ဒီလိုကြီးဖြစ်နေတာကို"

ညွှန်း သူ့မေမေဖြစ်နေသည့်အတိုင်း မျက်ခုံးတွေတွန့်ခေါက်ပြလိုက်တော့ ဟေမာ၏ ရယ်သံသဲ့သဲ့ထွက်ပေါ်လာသည်။ ထို့ကြောင့် အပြစ်မရှိတဲ့ ယုန်သူငယ်လေးလို မျက်နှာငယ်လေးပြန်လုပ်လိုက်မိသည်။

လွမ်းပျက်ပြယ်Where stories live. Discover now