အခန်း - ၁

10.4K 357 16
                                    

Unicode

တိတ်ဆိတ်နေသော ညမှာ ဆူညံစွာထွက်ပေါ်လာတဲ့ ပြိုလဲသံတွေကြောင့် စာရွက်ဖြူဖြူထက် ပုံဆွဲနေသော လက်လေးကရပ်တန့်သွားသည်။ ကလေးငယ်၏အာရုံက သူဆွဲနေတဲ့ ပန်းချီကားထံတွင်ရှိမနေတော့ဘဲ ဆူညံသံကိုသာအာရုံစိုက်နေမိသည်။

ခမ်းနားလွန်းသော အိပ်ခန်းကျယ်ကြီးက တစ်ယောက်တည်းနေရတဲ့ ၃ တန်းအရွယ်ကလေးငယ်အတွက် အထီးကျန်ကောင်းကျန်နေလိမ့်မည်။ ဒါပေမဲ့ အထီးကျန်ခြင်းကို ရင်းနှီးလွန်းနေသော ဒီကလေးအတွက် အထီးကျန်တယ်ဆိုတာဘာမှန်းပင်ရေရေရာရာမသိတော့ပေ။

သူ့အနားမှာ ရှိနေတတ်တာက ဆေးရောင်စုံတွေ ဆွဲထားတဲ့ ပန်းချီကားတချို့နဲ့ လုံးချေထားတတ်တဲ့စာရွက်အချို့ပင်။

အသံတွေကခဏတာပြန်လည်တိတ်ဆိတ်သွားပေမယ့် ကလေးငယ်ကပန်းချီဆွဲခြင်းကိုရပ်တန့်လိုက်သည်။

ခပ်ဖွဖွခြေလှမ်းလေးတွေက ကြောင်လေးတစ်ကောင်လမ်းလျှောက်နေသည့်အလားတိုးညှင်းညှင်သာလွန်းလှသည်။ ဦးတည်နေတဲ့ ခြေလှမ်းတွေက သူ့ရဲ့ အဖေနဲ့အမေနေတဲ့ အိပ်ခန်းဆီကိုပင်။

အိပ်ခန်းထဲကထွက်သည်နဲ့ လျှောက်လမ်းကျယ်ကြီးဆီကိုရောက်လာခဲ့သည်။ မိဘတွေနေတဲ့အခန်းနဲ့ ကလေးငယ်နေတဲ့အခန်းက တစ်ခန်းကျော်အကွာအဝေးမျှသာဖြစ်သည်။

ခပ်ဟဟပွင့်နေသော တံခါး ချပ်ကြီးကိုအကာကွယ်ပြုပြီး ကလေးငယ်ကနေရာယူလိုက်သည်။ ဒီလိုတွေကြည့်တိုင်း စိတ်မချမ်းသာစရာ မြင်ကွင်းတွေကိုမြင်ရမှာသိနေပေမယ့်လည်း ကလေးငယ်က ကြည့်မြဲဖြစ်သည်။

ကြမ်းပြင်တွင်လဲနေသော အမေဖြစ်သူရဲ့ ပါးစပ်ထောင့်နားမှာသွေးစတို့ကစီးကျနေသောမြင်ကွင်း။ နိမ့်ချည်မြင့်ချည် ဖြစ်လာတဲ့ရင်ဘတ်လေးက ကလေးငယ်ကြောက်တိုင်း စိတ်လှုပ်ရှားတိုင်းဖြစ်နေကြပင်။

ထိုမြင်ကွင်းကြောင့် ဖြူစင်သောမျက်ဝန်းလေးမှာမျက်ရည်စတို့ကခိုတွဲလာခဲ့သည်။ ပန်းနုရောင်သန်းနေသောပါးဖောင်းဖောင်းလေးထက်တွင် မျက်ရည်ဥလေးတွေက တလှိမ့်လှိမ့်ကြွေဆင်းလာကြသည်။

ပိုင် [ဝတ္ထုဗားရှင်း]Where stories live. Discover now