အဝါရောင်ဒဏ်ရာ - ၁၄

Start from the beginning
                                    

"ဖေဖေ တစ်ယောက်တည်းလား.."

"သား မေမေ လာနေပါပြီ.. ခရီးက ပြန်လာတဲ့လမ်းမှာရောက်နေပြီ.."

တည်ငြိမ်နေသည့်အမူအရာရှိသော်လည်း အမည်းရောင် ဆီချေးတို့ ပေရေနေသည့် လက်တို့နှင့် ဆေးရုံခန်းထဲတွင်ရောက်နေသည့် သူ၏အဖေအားကြည့်မိလျှင် ခန့်သည် ကိုယ့်လုပ်ရပ်ကိုယ် အနည်းငယ် နောင်တရသွားမိသည်..။

"သားသူငယ်ချင်းရော.. ဘယ်သူရောက်လာသေးလဲ"

"ကောင်မလေးတစ်ယောက် အခုနကအထိ ရှိသေးတယ်..နောက်ကျနေပြီမို့ အိမ်ပြန်ခိုင်းလိုက်ပြီ"

"နဒီလား.."

"သူ မဟုတ်ဘူး... အတော် ထူးဆန်းတဲ့တစ်ယောက်ပဲ"

ခန့်သည် သူ၏ရင်ဘတ်ပေါ်မှစောင်အား လက်ချောင်းများဖြင့် အတန်ငယ်ဆွဲဆုပ်ထားလိုက်ပြီး မျက်နှာကြက်ပေါ်သို့ မော့ကြည့်လိုက်မိသည်..။ မီးရောင်အဖြူတို့ လင်းထိန်နေခဲ့၏..။

ဆေးရုံခန်း၏နံရံပေါ်တွင် ရေခဲပန်းတစ်ပွင့်ပါဝင်သည့် ပန်းချီကားတစ်ချပ်လည်း ရှိနေခဲ့သည်။

"ဖေဖေ.."

သူ၏အသံမှာ ရှိရင်းစွဲအတိုင်း မဖျော့တော့လွန်း..၊ မစူးရဲလွန်းဘဲ ကြည်လင်သာယာစွာ ထွက်ပေါ်လာခဲ့သည်..။ သို့သော် မျက်လုံးအကြည့်များမှာတော့ အေးစက်သွားခဲ့ပြီဖြစ်သည်။

"ကျောင်းကိုပို့ပေးနေကျ သားရဲ့ထောက်ပံ့ကြေးငွေ ရှိတယ်မဟုတ်လား.."

ဖခင်ဖြစ်သူဆီမှ ဝေဝေဝါးဝါး ပြန်ဖြေသံကိုကြားလိုက်သော်လည်း ဆေးရုံခန်း၏နံရံထက်ရှိ ရေခဲပန်း ပန်းချီကားဆီမှ ခန့် အကြည့်မလွှဲလာခဲ့ပေ..။

"သား အဲဒါကို ဆက်မလုပ်ချင်တော့ဘူးထင်တယ်.."

သူတို့ကျောင်း၏စနစ်မှာ အောင်မြင်သည့် ကုန်ထုတ်လုပ်မှု သို့မဟုတ် ဓာတုနည်းပညာများကို ဖန်တီးနိုင်သည့် အကြံဉာဏ်များရှိပါက သက်ဆိုင်ရာ ပရောဂျက်အတွက် ကိုယ်ပိုင်စမ်းသပ်ခန်းတစ်ခန်း ရရှိနိုင်သည်။ ထိုစမ်းသပ်ချက်များ လုပ်ငန်းခွင်တွင် အသုံးပြုနိုင်သည်အထိ အောင်မြင်ခဲ့ပါက စာသင်နှစ်တချို့ကို ခုန်ကျော်၍ ရနိုင်၏..။

အဝါရောင်ဒဏ်ရာနှင့် ရာဇဝင်Where stories live. Discover now