ခုံတန်းရှည်ထိုင်ခုံပေါ်ကို တတောက်တောက်ခေါက်နေတဲ့ လက်ချောင်းထိပ်များက အစီအစဉ် မကျ..။ကျောင်းရဲ့ တင်းနစ်ကွင်းထဲမှာ ဟိုဘက်သည်ဘက်ပြေးလွှားနေတဲ့ ဘောလုံးတစ်လုံးလို ဆောက်တည်ရာမရအောင် ဂယောင်ခြောက်ခြားဖြစ်နေတဲ့ သူ့စိတ်တွေဟာလည်း ထိုနည်းလည်းကောင်းပဲ..။
ဘယ်ဘက်လက်မရဲ့ လက်သည်းခွံကို ခပ်ဆဆကိုက်နေမိသော ခန့်ဟာ ကွင်းပြင်ထဲမှာ စကပ်တိုတိုနှင့် ပြေးလွှားနေသော မောင်သက္ကရာဇ်နိုင်ကို အမှတ်တမဲ့ ကြည့်လိုက်၏..။
သူ ထုတ်ပြောပြချင်လှသည်..။ ကိစ္စများမြောင်သည် သူ၏နှလုံးသားတွင် ပြည့်နစ်တင်းကျပ်နေပြီး လည်ချောင်းဝတွင်တန့်ကာ နေ၍ထိုင်၍ မကောင်းသည်ကိုလည်း ခံစားနေရ၏..။
နဖူးပေါ်မှ စီးကျလာသည့်ချွေးများကြောင့် မျက်မှန်ကိုဆွဲချွတ်ကာ သူ့ဆီ တန်းတန်းမတ်မတ်လျှောက်လာသော အစ်မသည် သူ၏နံဘေးမှ ရေဘူးကိုကောက်ယူလိုက်ပြီး ဇဝေဇဝါဖြင့် ကြည့်လာ၏..။
"ဘာဖြစ်လို့လဲ..။ နေလို့မကောင်းဘူးလား.."
"မဟုတ်ပါဘူး..။ ကောင်းပါတယ်.."
ဖွင့်ဟပြောပြဖို့ ဒီအထိလာခဲ့သည်ဆိုပေမဲ့လည်း သူ၏ပါးစပ်မှာ ကျင့်သားရစွာဖြင့် ဒီလိုဖြေလိုက်မိပြီး တိတ်ဆိတ်နေပြန်သည်..။
ဒါကို ဘယ်လိုပြောရမှာလဲ..။ တခြားသူတွေက ဒါကို သိသွားခဲ့ရင် နိုင်ကွက်တစ်ခုနဲ့ အသုံးချလာမှာကို ကြောက်တယ်..။
သူ၏နဖူးပေါ်စမ်းကြည့်ရန်အတွက် ဆန့်တန်းလာသော လက်ချောင်းသွယ်သွယ်များကို ရှောင်လိုက်ပြီး ခန့်သည် နေရာမှ ကသုတ်ကရက် ထရပ်လိုက်မိ၏..။
"ဘာမှ မဖြစ်ပါဘူး...။ ကျွန်တော် အဆင်ပြေပါတယ်..။ ပြီးတော့..သွားတော့မယ်..။ အတန်းချိန်ရှိသေးလို့.."
အတန်းထဲသို့ မသွားချင်သောကြောင့် တစ်မနက်လုံး အစ်မ၏နောက်မှ တကောက်ကောက်လိုက်နေသည်ကိုပင် အမှတ်မရနိုင်တော့ပဲ သူသည် တင်းနစ်ကွင်း၏ဘေးမှ အလျင်စလို ထထွက်လာခဲ့တော့သည်..။