"ဒီဒီ... ငါ နာနတ်သီး.... ပါတာ တစ်ခုခု စားမိသွားပြီ.."အသက်ရှူကျပ်လာသော ခန့်သည် သူမ၏ အင်္ကျီထောင့်စွန်းလေးအားဆုပ်ကိုင်ထားပြီး မျက်ရည်တို့စီးကျနေခဲ့သည်။
တင်းရင်းဖောင်းကား၍ နီစွေးနေသော သူ၏ပါးပြင်များပေါ်၌ မျက်ရည်တို့စီးကျနေပြီး နဖူးပေါ်သို့ ဝဲကာကျနေသည့် ဆံပင်လှိုင်းတွန့်များမှာ ဖွာလန်ကျဲနေခဲ့သည်။
သူ၏ရှေ့တွင်ရှိသောမိန်းကလေး၏ခန္ဓာကိုယ်မှာ သေးသွယ်နေပြီး အသားအရောင်သည် သွေးမရှိဘဲ ဖြူဖျော့လှသည်။ သို့သော် သူမသည် ဗိုက်ကိုကိုင်ကာ ဒူးထောက်လျက်သားကျသွားသော ခန့်အား စိမ်းသက်စွာပင် စိုက်ကြည့်နေခဲ့၏။
"ဒီနေရာမှာ လူတွေ အများကြီးပဲ.. ငါ မဟုတ်လည်း နင့်ကို တစ်ယောက်ယောက် ကူညီပေးလိမ့်မယ်.."
ဝေဝေဝါးဝါး မြင်ကွင်းများ အမှောင်ထုအဖြစ် ကူးပြောင်းသွားပြန်သည်။
ခန္ဓာကိုယ်သည် လေထုထဲသို့ ပေါ့ပါးစွာလွင့်မျောသွားပြီးနောက် လေးလံသွားပြန်သည်။ ထို့နောက် နေရာပေါင်းစုံမှ စတင်နာကျင်လာပြန်၏..။
မျက်လုံးတို့အား ညင်သာစွာစေ့ပိတ်ထားဆဲဖြစ်သော်လည်း ခပ်တိုတို မျက်တောင်စိပ်များမှာ ဂဏှာမငြိမ်စွာ တဖျတ်ဖျတ်ခတ်၍ လူးလွန့်လာပြီး ခန့် နိုးထလာခဲ့သည်..။
မှတ်ဉာဏ်ကောင်းသော လူများတွင် ကြုံရတတ်သည့် ဒုက္ခတစ်ခုရှိနေသည်။ ထိုသည်မှာ ကောင်းသောအကြောင်းအရာများကိုတင်မဟုတ်ဘဲ နာကျင်စရာကိစ္စနှင့်ဖြစ်ရပ်များကိုလည်း ရှင်းလင်းပြတ်သားစွာ မှတ်မိနေတတ်ခြင်းပင် ဖြစ်လေသည်။
သူသည် လက်ချောင်းများကို ဖြည်းညှင်းစွာလှုပ်ရှားလိုက်ပြီး လက်ဖဝါးကိုမြှောက်ကာ မျက်လုံးပေါ်သို့ အုပ်တင်ထားလိုက်မိ၏..။ မျက်ရည်စတို့ ရှိနေသည်...။ သို့သော် မည်သည့်အကြောင်းအရာကြောင့် နာကျင်နေရမှန်း သေချာမသိနိုင်တော့ပါပေ..။
"သား နိုးပြီလား.."
ခန့်သည် တင်းရင်းထုံထိုင်းနေဆဲသောမျက်နှာနှင့်ပင် နွမ်းလျသောအပြုံးတစ်ခု ပြုံးလိုက်ပြီး စိုးရိမ်တကြီးဖြစ်နေသော သူ၏ဖခင်အား ကြည့်လိုက်သည်..။