"မေမေ.. သမီး ဒီနားစာအုပ်သွားငှားဦးမယ်"

ထိုမျှသာအော်ခဲ့ပြီး ကြည်သာ အင်တာနက်ကဖေးဆိုင်သို့ ထွက်လာခဲ့သည်။ အိမ်မှာ ဖေဖေ့လက်ထက်က ကျန်သော ကွန်ပျူတာ အဟောင်းတစ်လုံးရှိသော်လည်း ဘာမှသိပ်သုံးမရပါ။ ထို့ပြင် အိမ်မှာကလည်း လိုင်းချိတ်ဖို့ခက်သဖြင့် အင်တာနက်ကဖေးများသာ အားကိုးရသည်။ အင်တာနက်မှနေ၍ ပညာသင်ဆု များရှာရမည်ဖြစ်သော်လည်း ထိုကိစ္စက လွယ်တော့မလွယ်ပါ။ ဆိုင်ထဲဝင်သွားတော့ ဂိမ်းဆော့နေသော ကောင်လေးများနှင့် တိုးသော်လည်း ကြည်သာ ဂရုမစိုက်ဘဲ စက်တစ်လုံးတွင်ထိုင်လိုက်သည်။

"ကြည်သာ.."

ထိုအသံကိုကြားရတော့ ကြည်သာ ချက်ချင်းငိုချင်သွား၏။ ဘေးမှာလာရပ်နေသူက ချမ်းငြိမ်း။

"နင် ဒီမှာရောက်နေတာလား"

ချမ်းငြိမ်းက ပြဿနာဖြစ်ပြီးကတည်းက အိမ်မှာသိပ်မနေတော့ဘဲ ညအိပ်ချိန်လောက်သာပြန်လာသည် ဟု သိရသည်။

"ကြည်သာ အင်တာနက်တသီးတသန့်သုံးစရာရှိလား"

"ဘာကိုပြောတာလဲ"

"ကိုယ်ပြောတာက ချက်တင်လုပ်တာမျိုး၊ စကားပြောတာမျိုးလုပ်ဖို့ရှိရင် ကိုယ် နောက်မှလာပြောမလို့ပါ"

ကြည်သာ နှုတ်ခမ်းဖိကိုက်လိုက်မိသည်။

"နင်ဘယ်လိုအစ်ကိုလဲ ချမ်းငြိမ်း"

"ကြည်သာအေးမြ ကိုစိတ်ပူတဲ့ အစ်ကိုဖြစ်လိမ့်မယ်"

"စိတ်ပူရင် တားလေ"

"ကြည်သာ့ အချိန်ခဏယူချင်တယ်။ ရလား"

"အား.. နင် တကယ်ဘယ်လိုလူလဲ ချမ်းငြိမ်းရယ်။ မသိဘူး ဒီကထွက်ကြစို့။ ငါ ဗိုက်ဆာပြီ။ နင်ပြောချင် တာကို တစ်ခုခုစားရင်းပြောတော့"

ချမ်းငြိမ်းက ခေါင်းတစ်ချက်ညိတ်ပြီး တခြားစက်တစ်ခုတွင်တင်ထားသော ကျောပိုးအိတ်ကိုသွားယူသည်။

ကြည်သာက စက်မသုံးဘဲ ပြန်ထွက်သော်လည်း ဆိုင်ရှင်က အသိဖြစ်နေ၍ ဘာမှမပြောပါ။ ထို့ပြင် ဆိုင်ရှင်က ချမ်းငြိမ်းကို လေးစားသူလည်းဖြစ်သေး၏။ ချမ်းငြိမ်းအသက်နှင့်တွက်လျှင် လေးစားခံရသည် ဆိုသည်က ကြီးကျယ်လွန်းသော်လည်း ကြည်သာနားလည်သည်။

Light-Years AwayWhere stories live. Discover now