"ဦး.. Appa ရော.. မနက်စာမစားတော့ဘူးလား"

တစ်စွန်းတစ်စကြားလိုက်ရတဲ့ဟူချူလေးရဲ့အသံကြောင့်သူ့ဗိုက်သူလက်လေးနဲ့ဖိကြည့်မိသည်။ စားချင်တာပေါ့.. ဆာတာပေါ့.. ညကအများကြီးငိုလိုက်ရလို့အားပြတ်နေတာကို။ ဒါပေမယ့်...

"အင်း... ဟူချူ့ Appa နိုးပြီလားမသိဘူး။ ဦး သွားကြည့်လိုက်ဦးမယ်"

"ဟင်!"

ဟင့်အင်း.. ဟင့်အင်း.. လာလို့မရဘူးလေ။ ဒီပုံစံနဲ့တွေ့လို့ဘယ်ဖြစ်ပါ့မလဲ။ ဆော့ဂျင်.. အိပ်ရာဆီသို့အမြန်ပြေးသွားကာ.. ဗြုန်းခနဲလှဲချလိုက်ပြီးစောင်ခေါင်းမူးခြုံ၍မျက်စိမှိတ်ငြိမ်သက်နေလိုက်သည်။ ညကသူ့လုပ်ရပ်က.. သူ့ကိုယ်သူအရှက်ရစေတာမို့ထိုလူနဲ့သူမျက်နှာချင်းမဆိုင်ရဲပါ။

~ဖျတ်.. ဖျတ်.. ဖျတ်~

သူ.. စောင်အောက်တွင်မလှုပ်မယှက်ငြိမ်ငြိမ်လေးနေနေရင်းခြေသံကိုရင်တမမဖြင့်နားစွင့်ထားရသည်။

~ချလောက်~

တံခါးဖွင့်သံနှင့်အတူ.. သူ့ကုတင်ဘေးမှာရပ်သွားတဲ့ခြေသံ.. ပြီးတော့.. ဟင်းခနဲရယ်လိုက်တာလား.. သက်ပြင်းချလိုက်တာလားမသဲကွဲတဲ့အသံတိုးတိုးကိုကြားလိုက်ပြီးနောက်သူ.. ခေါင်းမြီးခြုံထားတဲ့စောင်လေးဟာတစုံတယောက်ကဆွဲခါလိုက်သလိုမျိုး.. အနည်းငယ်လှုပ်ခတ်သွားသည်။

"နိုးနေမှန်းသိတယ်.. ထတော့။ မနက်စာအဆင်သင့်ဖြစ်နေပြီ.. လာစား"

ဆော့ဂျင်.. ဘာအသံမှမပေးဘဲ လက်သည်းလေးကိုကိုက်ကာစောင်အောက်တွင်ငြိမ်သက်နေမိသည်။ ဒီလူ.. သူနိုးနေတာဘယ်လိုသိသွားပါလိမ့်..

"ကောင်းကောင်းပြောနေတုန်း.. ထလိုက်နော်။ မဟုတ်ရင်.. ဒီစောင်ကိုဆောင့်ဆွဲပစ်မှာ"

"ဟင့်အင်း.. ဆွဲနဲ့။ ပြီးတော့.. ဒီနေ့တနေကုန်ဒီစောင်ခြုံထဲကလုံးဝမထွက်ဘူး။ ဘယ်မှလည်းမသွားဘူး။ ဘာမှလည်းမစားဘူး။ ဘယ်သူနဲ့မှလည်းမတွေ့ဘူး။ ဘာစကားမှလည်းမပြောဘူး။ တနေကုန်ဒီအတိုင်းပဲနေမှာ"

စောင်အောက်ထဲကနေအလန့်တကြားပြန်အော်ရင်း အကယ်၍ သူ့စောင်ကိုလာဆွဲခဲ့သည်ရှိသော်ခုခံနိုင်အောင်စောင်ရဲ့အစွန်းစကိုတင်းနေအောင်လည်းဆုပ်ထားလိုက်သည်။

Tie the Knot (✔️)Where stories live. Discover now