ဟိုတယ်ကြီး၏ တစ်ဆယ့်သုံးထပ်မြောက်အခန်းလေး။ မှန်ပြတင်းတံခါးတွင် ပြင်ပဆ်ီသို့ငေးနေသည့် ကောင်လေးတစ်ဦးရှိနေသည်။ မှုန်ဝါးဝါးမျှသာ မြင်ရသော တရွေ့ရွေ့သွားလာနေသည့် ကားလေးများကို အကြောင်းမဲ့ငေးရင်း သက်ပြင်းချသံကြားမှ ပြုံးနေရှာသည့် ထိုကောင်ကလေး။
အခန်းလေးတွင်းတော့ ခြောက်ကပ်လို့နေသည်။ စားစရာအခြောက်အခြမ်းတချို့နှင့်ခေါက်ဆွဲဘူးများက အစီအရီ။ ထို့အတူ စားပွဲပေါ်တွင် ပြန့်ကြဲနေသည့် စာရွက်စာတမ်းများ။ ပွင့်လျှက်သားကွန်ပျူတာဆီမှ ဒေတာတချို့ကား အနီရောင်ပြလျှက်ရှိနေလေသည်။
"Room Service"
တိတ်ဆိတ်နေသည့်အခန်းလေးက ယခုမှ အသက်ဝင်လာသည့်နှယ်။ Room service ဟူသည့်အသံက အခန်းတွင်းလွှမ်းမိုးသွားသည်။ အချိန်ကား သူတ်ု့ ချိန်းဆိုထားသည့် အချိန်ကွက်တိပေမို့ စိတ်ချလက်ချ တံခါးဖွင့်ပေးရန်သာပြင်ဆင်နေတော့သည်။
"အစ်ကိုလေး အဆင်ပြေရဲ့လား"
"ကျွန်တော်ကပြေတယ်။ လေးလေးရော အဆင်ပြေရဲ့လား"
ဟိုတယ်ယူနီဖောင်းဖြင့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးက အခန်းပြင်ပမှ အခြေအနေကိုအကဲခတ်ရင်းအခန်းတွင်း လျင်လျင်မြန်မြန်ဝင်ရောက်လာလေသည်။
"လေးလေးကိုမပူပါနဲ့။ အစ်ကိုလေးသာ ဆရာကြီးမရိပ်မိအောင်နေနော်"
"စိတ်ချပါ။ ကျွန်တော်စုံစမ်းခိုင်းထားတာတွေသိခဲ့ရလား"
ကောင်လေးစကားကြောင့် ထိုအမျိုးသားက စာရွက်စာတမ်းတချို့ထုတ်ပေးလာသည်။
"အချိန်သိပ်မရဘူး အစ်ကိုလေး။ လောလောဆယ်တော့ ဒါ စုံစမ်းရသလောက်ပဲ။ မမေ အမှုကိုလိုက်နေတဲ့လူတွေလည်းရှိတယ်"
"ဘယ်သူတွေလဲ။ ဒီအချိန်ထိရှိသေးတာလား"
"အစ်ကိုလေး မမေအမှုတုန်းက အထဲရောက်သွားတဲ့ တရားသူကြီးချုပ်ကို မှတ်မိတယ်မလား"
သူ သိပ်မှတ်မိသည်။ တစ်သက်တာအတွက် ဘယ်တော့မှမမေ့နိုင်မည့် အမှန်တရားဘက်တော်သား။ ဤနိုင်ငံတွင် ထိုလူတစ်စုနှင့်ယှဉ်ရလျှင် အမှန်တရားသည်ပင် ပျောက်ကွယ်ရသည်ကိုလည်း သူဘယ်တော့မှ မမေ့နိုင်။ ထို့အတူ သူကိုယ်တိုင်က ထိုအမျိုးအနွယ်ဖြစ်နေသည်ကိုလည်းစက်ဆုပ်ရွံရှာလို့မဆုံး။