ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာဖြစ်၍ တိုက်ဆိုင်မှုတစ်စုံတရာရှိခဲ့ပါက နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ရန်ကုန်မြို့။
အရာရာတွင် အချက်အချာကျသည့် ရန်ကုန်မြို့ကြီး၏ ညမြင်ကွင်းက စည်ကားလို့နေသည်။ မီးရောင်စုံတို့ဖြင့် စည်းစိမ်အပြည့် ခံစားလို့နေသည်မှာ ခမ်းနားစွာ။ ကမ်းနားလမ်းတစ်လျှောက် ရောင်စုံမီးရောင်တို့ကလည်း အပူအပင်မရှိ မြူးကြွနေသည့်နှယ်။
ဟိုမှ သည်မှ လွင့်ပြယ်လာသည့် ခပ်မြူးမြူးတီးလုံးသံတို့က လျှောက်နေသည့် ခြေလှမ်းတို့ကိုပင် တက်ကြွနေစေသည့်အတိုင်း။ မြို့ပြ၏ ပုံရိပ်တို့ဖြင့် ပြည့်စုံလွန်းနေသည့် ရန်ကုန်မြို့လယ်ခေါင်တွင် ကမ်းနားလမ်းညဈေးမှ စကားသံတို့က ဆူဆူညံညံဖြင့် သရုပ်ဖော်ပေးနေပြန်ရဲ့။
"Durian ပိုးတီ တစ်ဘူးပေး အစ်ကို"
လမ်းတစ်လျှောက် စည်ကားလျှက်ရှိနေသည့်အစားအသောက်တန်းကြီိးက မျက်စိတစ်ဆုံးစည်ကားလို့။
ပလက်ဖောင်းတစ်လျှောက် စီိရီကာချထားသည့် ခုံများတွင်တော့ လူငယ်လူရွယ်များကသာ နေရာယူထားတော့သည်။ လူငယ်တွေဆိုတာလည်း ညဉ့်ငှက်တွေဆိုတော့....
"မင်းမှားတာ။ တစ်ဆိုင်ဆိုင်သွားလိုက်ရင်ပြီးနေတဲ့ကိစ္စကို"
အပေါ်ယံကြည့်လျှင်တော့ ပုံမှန်သွားလာ လှုပ်ရှားနေကြသည့် လူငယ်များဟု ထင်စရာရှိသည်။
"အ့"
"လမ်းကိုဘယ်လိုသွားနေတာလဲ"
"ဟ... ဝင်တိုက်တာ ခင်ဗျားနော်"
မာနချင်းပြိုင်ရန် အသင့်တော်ဆုံး အချိန်၊ ယမကာ အရှိန်ဖြင့် ရန်ပွဲတစ်ခုကို စတင်ဖို့အကောင်းဆုံးအချိန်ဟာလည်း သည်လိုအချိန်ပါပဲ။
"ဘာလဲ။ မကျေနပ်ဘူးလား"
"မူးနေရင် ဒိုးလိုက်တော့နော်။ အေး"
ရန်စောင်နေသော လူငယ်တစ်စုကို ကွက်ကြည့်ကွက်ကြည့်ဖြင့် ကွေ့ရှောင်သွားကြသည့် ကျန်လူငယ်များ။ ဤနေရာမှာ ဘယ်သူမှတော့ သူများကိစ္စထဲ ဝင်မစွတ်ဖက်လိုကြဘူးမလား။