အပိုင်း (၁)

4.8K 87 10
                                    

'လရိပ်အေး'

ခပ်မှန်မှန်ထွက်လာသော ခေါ်သံကြောင့် လရိပ် ဇဝေဇဝါဖြင့် သောက်လက်စ ကော်ဖီခွက်ကိုချပြီး နောက်ကိုလှည့်ကြည့်မိသည်။ ဒီအရပ် ဒီဒေသမှာ လရိပ်ကို နာမည်အပြည့်အစုံဖြင့် နောက်ကျောမှ လှမ်းခေါ်ရလောက်အောင် သိကျွမ်းသူမရှိပါ။ လရိပ်လှည့်ကြည့်လိုက်တော့ လရိပ်ကို ခေါ်လိုက်ဟန်ရှိသည့် ထိုတစ်စုံတစ်ယောက်ကလည်း လရိပ်သိကျွမ်းဖူးသောမျက်နှာဟု မှတ်ဉာဏ်မှာ ပေါ်မလာပါ။

လရိပ်ကို လရိပ်အေးအဖြစ် သိသူတွေ၊ လရိပ်ဖြစ်တည်မှု၊ လရိပ်ဘဝ၊ လရိပ်အကြောင်း မြင်ရသလောက် သိသူတွေဆီမှ လရိပ်တမင်တကာပင် ထွက်လာပြီး လရိပ်ကို သိသူမရှိဟု ယူဆရသည့် ဒီမြစ်ဝကျွန်းပေါ်မြို့လေးမှာ တိတ်တိတ်လာပုန်းဖို့ ကြိုးစားခဲ့သည်မှာ ရက်သတ္တပတ် တစ်ပတ်ပင် မပြည့်တတ်သေး။ ခုလို လရိပ်နာမည် အပြည့်အစုံကိုခေါ်ပြီး သိသူတစ်ယောက်ပေါ်လာတော့ လရိပ် စိတ်အနှောက်အယှက် အနည်းငယ် ဖြစ်သွားရသည်။

'ကိုယ်မင်းနဲ့ အေးအေးဆေးဆေး စကားပြောမယ်.. ဒီဖက်ဝိုင်းကို ပြောင်းလာထိုင်ပါ Lunara'

ထပ်ပြောလိုက်သော စကားသံအဆုံးမှာ ခေါ်လိုက်သောနာမည်ကြောင့် လရိပ် ခုနက နာမည်အပြည့်အစုံခေါ်ခံရတာထက်ပိုသော စိတ်လှုပ်ရှားမှုနှင့်အတူ ထိတ်လန့်သွားမှုကြောင့် ရင်တွေပင် တဒိန်းဒိန်း ခုန်လာရသည်။ မဟုတ်မှ.....

'ကိုယ် မင်းကို ဒုတိယအကြိမ် ထပ်ခေါ်တယ်။ ကိုယ့်ရှေ့မှာ လာထိုင်ပါ Lunara'

ကျယ်ကျယ်လောင်လောင်မဟုတ်သလို အမိန့်သံဆန်တဲ့ ခေါ်သံလည်းမဟုတ်ပေမယ့် နှုတ်ဖျားကမဟုတ်ဘဲ ရင်ထဲကလာသလို လေးလေးနက်နက်ထွက်လာတဲ့ ဩဇာလွှမ်းခြင်းတွေ စွက်နေတဲ့ခေါ်သံကြောင့် လရိပ် ထိုင်နေတဲ့ဝိုင်းကနေ နောက်ကပ်လျက်ဝိုင်းဆီ အလိုအလျောက် ပြောင်းထိုင်မိသည်။ အင်း သူပြောသလို သူ့ရှေ့တည့်တည့်က ခုံဆီပေါ့။

Lunara....
ဒီနာမည်ကြောင့်လည်း ပါသည်။ ဒါက လရိပ်ကို အပြင်မှာသိသူတွေ အမှန်တစ်ကယ်မသိကြတဲ့ လရိပ်ရဲ့ တစ်ဖက်ခြမ်းက နာမည်ဖြစ်သည်။ Dark side လို့တော့ မသုံးချင်။ လရိပ်ရဲ့ မှောင်နေတဲ့တဖက်ခြမ်းမဟုတ်ပါ။ လရိပ် မွေ့လျော်တဲ့၊ လရိပ်အတွက် လင်းချင်းနေတဲ့ တဖက်ခြမ်းမို့ပါပဲ။

LunaraWhere stories live. Discover now