" ပြဒါးရံကိုတောင် ငါကအလွတ်မပေးတာကို ။ သူတန်ဖိုးထားတဲ့ KK ကိုဆိုရင် ပိုပြီးတော့တောင် ဖျက်ဆီးသင့်တာ မဟုတ်ဘူးလား "

" ဒါပေမယ့် KK နဲ့ဘာမှမဆိုင်ဘူးလေ။ KK ကိုမှီခိုနေတဲ့ အလုပ်သမားတွေ ထောင်သောင်းများစွာရှိတယ်။ သူတို့ရဲ့ အနာဂတ်ကတော့ မင်းမစဉ်းစားတော့ဘူးလား "

" ငါဂရုမစိုက်ဘူး...... ငါ့အနာဂတ်ပျက်ဆီးသွားတုန်းကကော ဘယ်သူ ဂရုစိုက်ပေးဖူးခဲ့လဲ "

ဆင့်ဟာ သက်ပြင်းချလိုက်ပြီး လေပြေရှင်းထံ ပြောလာခဲ့ပါသည်။

" ရှင်း တစ်ကယ်လို့များ ငါ့နေရာမှာ မင်းဆိုရင် ဘယ်လိုလုပ်မှာလဲ "

" ငါ....ငါ "

ရှင်းတစ်ယောက် ဘယ်လိုပြန်ဖြေရမလဲ မသိခဲ့ပါချေ။ စကားအလုံးစုံဟာ ထစ်ငေါ့နေခဲ့ပြီး လေသံမှာ တိုးတိမ်ဖျော့ရော့နေလျက်သားဖြင့် သူ့ကိုယ်သူ မေးခွန်းပြန်ထုတ်မိသည်။ အကယ်၍ ဆင့်နေရာမှာဆိုရင် သူ့ရဲ့တုန့်ပြန်မှုတွေကကော ဘယ်လိုဖြစ်နေခဲ့မလဲ ။ ဆင့်နဲ့ထပ်တူ ဝမ်းနည်းရသည်မှာ မှန်ကန်သောသစ္စာဖြစ်သော်လည်း သူဟာ ကာယကံရှင်ကိုယ်တိုင်မဟုတ်သည့်အတွက် အကျွင်းမဲ့တော့ တိမ်ယံဆင့်ကို နားလည်ပေးနိုင်မည်မဟုတ်ခဲ့ပေ။ ဘယ်လောက်ပဲ ထပ်တူခံစားနာကျင်ရပါတယ်ပြောပြော ဆင့် လောက်တော့ သူက နာကျင်ရဦးမည်တဲ့လား

" မင်းမဖြေနိုင်တော့ဘူးလား "

လေပြေရှင်းမှာ အသံတိတ်နေလျက်သား

" ငါရှေ့ဆက်တိုး‌နေဦးမှာ ဘယ်သူမှငါ့ကိုတားလို့မရဘူး။ မင်းဆိုရင်တောင်မှမရဘူး "

" ငါမင်းကိုတားနေတာမဟုတ်ဘူး ဆင့် ။ ဖြောင့်ဖြနေတာ.... တချိန်ချိန်မှာ မင်းကိုယ့်ကိုကိုယ် ပြန်အပြစ်တင်နေတာမျိုး ငါမမြင်ချင်လို့ "

" ငါအိပ်ချင်သေးတယ်။ မင်းခဏလောက် ထွက်သွားပါလား "

ဆင့် အလိုရှိရာအတိုင်း လေပြေရှင်းမှာ ဘာကိုမှဆက်မပြောတော့ဘဲ တိတ်တဆိတ်ထွက်လာလိုက်လေသည်။  အမှန်တစ်ကယ်တော့ ဆင့် ဆက်မအိပ်ချင်တော့ပါ။ သူဟာ ရှင်း နဲ့ဆက်ပြီး စကားများနေမှာဆိုးသည့်အတွက် တမင်စကားလမ်းကြောင်း လွှဲလိုက်ခြင်းဖြစ်သည်။ TV တွင် ပါလာသည့် KK ၏သတင်းမှာ အမှန်တကယ်ဆိုလျှင် တစ်ပါတ်တိတိလောက် နောက်ကျပြီဖြစ်လေသည်။ ပိုင်ရှင်အသစ် ပြောင်းလဲသွားသည့်ကိစ္စကို ရုတ်တရက်ကြေညာလိုက်လျှင် အတော်လေးပွဲစည်သွားမှာ ဆိုးရိမ်တဲ့အတွက် တစ်စွန်းတစ်စသာ သတင်းလွှင့်ထားပြီး တစ်ပါတ်လောက်ကြာတော့မှ အတိအလင်းကြေညာခဲ့တာဖြစ်သည်။ သို့သည့်တိုင် လူတိုင်းအားလုံးမှာ KK ရဲ့ပိုင်ရှင်အသစ်အား နာမည်သာကြားဖူးပြီး မျက်နှာမမြင်ဖူးဘဲ ရှိနေကြလေတော့သည်။ဤသည်မှာ လူလုံးထွက်မပြသော တိမ်ယံဆင့် ကြောင့်ပေ။

Hate Poem Written With Love࿐Место, где живут истории. Откройте их для себя