14

3.6K 692 9
                                    

နွေဦးအဝင်

မျက်တောင်လေးတွေကို တဖျတ်ဖျတ်ခတ်ရင်း Rick နိုးလာခဲ့တယ်။ ဒီနေ့တော့ သူလုံးဝကို လန်းလန်းဆန်းဆန်းပဲ။

အခုထိအိပ်ပျော်နေဆဲဖြစ်တဲ့ Davis ရဲ့လက်မောင်းတွေကြားကနေ သူအသာလေးထွက်လိုက်ပြီးတော့ အိပ်ရာပေါ်ကနေ ဆင်းလိုက်တယ်။ နူးညံ့အိစက်နေတဲ့ ကော်ဇော်ပေါ်မှာ ဖွဖွလေးလျှောက်ရင်းနဲ့ ပြတင်းပေါက်ရှိရာဆီ သူတိုးသွားလိုက်တယ်။

ပြတင်းပေါက်က ခန်းစည်းစလေးကို အသာဆွဲဖယ်လိုက်ချိန်မှာ နွေးထွေးလှတဲ့ မနက်ခင်းနေရောင်လေးက အခန်းထဲကိုဖြာကျလာခဲ့တယ်။

"ဝါး..."

ခြောက်သွေ့ပြီး သစ်ကိုင်းတွေအပြိုင်းပြိုင်း‌ဖြစ်နေခဲ့တဲ့ သစ်ပင်တွေက အခုတော့ ရွက်သစ်လေးတွေ ထွက်လာနေကြပြီ။ ဒါတင်မက၊ တစ်ချိန်က ဆီးနှင်းဖုံးနေခဲ့တဲ့ မြေပြင်ပေါ်မှာလည်း အမျိုးအမည်မသိရတဲ့ အပင်ငယ်လေးတွေက အညှောင့်အဖြစ်နဲ့ ပေါက်နေခဲ့ကြပြီ။ တစ်ချိန်လုံး ပုန်းခိုနေခဲ့တဲ့ ကျေးငှက်ကလေးတွေကလည်း သစ်ကိုင်းတွေပေါ်မှာ နားခိုရင်းနဲ့ ပီစိပါစာစကားတွေိကို တီတီတာတာဆိုနေခဲ့ကြတယ်။ သူတို့လေးတွေရဲ့ သာယာတဲ့ပိကျိပိကျိအသံတွေက Rick ကိုတောင် စိတ်ပျော်လာစေသလိုပါပဲ။

"နွေဦးရောက်ပြီပဲ"

Rick ခန်းစည်းစကို ခပ်တင်းတင်းဆုပ်လိုက်ရင်းကနေ အသက်ကိုတဝကြီး ရှိုက်သွင်းလိုက်တယ်။ နွေဦးပဲ၊ ဟုတ်တယ်...တကယ်ကို နွေဦးရာသီက ရောက်လာခဲ့ပြီ။

သူ့စိတ်ကလေးက ကြည်လင်‌ေနပြီး သူ့ကိုယ်လေးဟာလည်း ပေါ့ပါးနေတယ်။

Rick က အနောက်ဘက်က အိပ်နေဆဲဖြစ်တဲ့လူဆီကို လှမ်းကြည့်လိုက်တယ်။ တဖက်လူကတော့ အသက်ရှူသံမှန်မှန်ဖြင့် အိပ်မောကျနေဆဲပင်။

သူကြည့်နေတုန်းမှာပဲ Davis ရဲ့လက်တွေက လှုပ်ရှားလာခဲ့တယ်။ သူက တစ်စုံတစ်ခုကိုရှာနေသလို အိပ်ယာပေါ်လျှောက်စမ်းနေပြီး အဆုံးမှာတော့ Rick ရဲ့ခေါင်းအုံးကို ရင်ခွင်ထဲဆွဲထည့်ပြီး ဖက်ထားလိုက်လေတော့တယ်။ ဒါတင်မကပါပဲ၊ ခေါင်းအုံးလေးကို လက်နဲ့ ဖွဖွလေးတောင် ပုတ်ပေးလိုက်သေးတယ်။

နွေဦးရောက်တဲ့အထိစောင့်ပေးပါ (Complete)Where stories live. Discover now