လူအသွားအလာနည်းပါးသော လမ်းသွယ်ကျဥ်းကျဥ်းလေးထဲတွင် ကောင်လေးနှစ်ယောက် တစ်ဦးကိုတစ်ဦး ရန်သူသဖွယ်ကြည့်ကာ မျက်နှာချင်းဆိုင်လျက်ရှိသည်။
" ခွပ် ! "
ရုတ်တရက်ဆန်စွာ မျက်နှာပေါ်သို့ကျရောက်လာသော လက်သီးချက်ကြောင့် ကိုယ်ဟန်မထိန်းနိုင်ဘဲ ယိုင်ကျသွားသည်။ပြင်းထန်သော ထိုးနှက်မှုကြောင့် မျက်နှာတစ်ခုလုံး ထူပူလာကာ ခေါင်းတစ်ခုလုံးပင် ချာချာလည်ထွက်သွားသည်။
" ဟက် ! "
ဟုတ်တယ် ငါက အထိုးခံသင့်တဲ့သူ။
အစ်ကို့ဆီက အထိုးမခံခဲ့ရလို့ ကိုယ့်ကိုကိုယ် ဓားနဲ့မွှန်းချင်နေတာ ။ ဟက် ။ ရင်ထဲက နာကျင်မှုနဲ့ ယှဥ်လို့ပင်မရသော်လည်း အနည်းဆုံးတော့ အစ်ကို့အတွက် အထိုးခံလိုက်ရသည်မဟုတ်လား။ကိုယ်ကို သေချာပြန်မတ်လိုက်ပြီး ကိုယ့်ကိုကိုယ် လှောင်ရယ်လိုက်ကာ ရှေ့မှာရပ်နေသည့် လက်သီးတင်းတင်းဆုပ်ထားသော လူကို မဲ့ပြုံးပြုံးကာ ကြည့်လိုက်သည်။
" ပျော်သွားပြီလား အခု သိပ်ကို ကျေနပ်သွားပြီလား "
မျက်ဝန်းနက်နက်ထဲတွင် ဒေါသရိပ်တွေဖုံးလွှမ်းနေသော်လည်း ရုပ်ရည်သွင်ပြင်ဟာ ကြည်လင်လေးနက်နေဆဲ။ ထွက်လာသော အသံဟာ တည်ငြိမ်ပြတ်သားလျက်။
ထိုသူဟာ အစ်ကို့ဘေးနားမှာ အမြဲတွေ့ရတတ်သူ ။ တစ်နည်းအားဖြင့် လမ်းသွယ်ပျိုးဥယျာဥ်ပိုင်ရှင် ။ အမည်နာမဟာ ဝေး ။
ဝန်း စုံစမ်းသိရသလောက်ဆိုရင်ဧကပေါင်းများစွာ ကျယ်ဝန်းသော ထိုဥယျာဥ်ကြီးကို အမွေအပိုင်စားရထားသော လူ ။ဒီလူမှာ မိဘတွေ မရှိကြတော့ဘူး။ဆွေမျိုးသားချင်းဆိုလို့ အဒေါ်အပျိုကြီးတစ်ယောက်သာ ရှိတော့သည်။ ထိုအဒေါ်က အမည်ခံဥယျာဥ်ပိုင်ရှင်ဖြစ်ပြီး သူက အနောက်ကနေ စီမံသည်။ ဒီလူက လူတွေနဲ့ခပ်ကင်းကင်းနေသည်။ လူတွေနဲ့ဆက်ဆံရမှာမကြိုက်တဲ့ လူ ၊ လူရှေ့သူရှေ့ထွက်ရမှာမနှစ်သက်တဲ့လူ ၊ ဒီလိုလူက အစ်ကိုနဲ့ဝန်း ပြဿနာတွေဖြစ်ပြီး အစ်ကိုပြိုလဲနေချိန်မှာ အစ်ကို့ဆီ ရောက်လာခဲ့သည်။သာမန်အလုပ်သမားတစ်ယောက်အနေနဲ့။