" အစ်ကို ပြန်လာပြီ! "
အပေါ်ထပ်ကို တက်တဲ့ လှေကားခြေရင်းနားမှာ ငုတ်တုပ်လေးထိုင်နေတဲ့ ကောင်လေးက ရန်း ဝင်လာတာကို မြင်တော့ ကလေးတွေလို အော်ဟစ်ကာ အပြေးလာပြီး လူကို အတင်းလာဖက်သည်။ မသိရင် အကြာကြီးခွဲခွာနေရသလိုလိုနှင့် ။ ခန္ဓာကိုယ်တစ်ခုလုံးကို သိမ်းကျုံးဖက်ကာ ရန်းမျက်နှာ တစ်ပြင်လုံးကို နေရာလပ်မကျန် အတင်း နမ်းရှိုက်နေသည်မို့ ယွစိယွစိနှင့် မျက်လုံးပင် ဖွင့်မရ ။
" တော်တော့ ဝန်း... အထုတ်တွေသယ်လာတာ မမြင်ဘူးလား လူကိုမြင်တာနဲ့ နမ်းဖို့ပဲ သိတယ် "
အလေးအပင်အထုတ်တွေ လက်နှစ်ဖက်နဲ့ အပြည့်သယ်လာတာကို မမြင်ဘူး ။ သူမြင်တာ ရန်းကိုပဲ ။ ဆူသလိုပြောပြန်တော့လည်း မကြိုက်ချင် ။ ချက်ချင်းရုပ်က ဆူပုပ်ပုပ်အနေအထားကို ပြောင်းလဲသွားသည်။
" ဆူချင်တာလား "
သူများတွေအမြင်မှာ ဝန်းက မာနကြီးချင်ကြီးမယ် ၊ ရင့်ကျက်ချင် ရင့်ကျက်မယ် ။ ရန်းရှေ့မှာတော့ ဝန်းက ကလေးလေး တစ်ယောက်လိုပင်။
" ဆူချင်တယ် ရော့ သယ်လာ "
နှုတ်ခမ်းထော်နေတဲ့ ကောင်လေးလက်ထဲ အထုတ်တွေ ထဲ့ကာ အိမ်ပေါ်ကို တက်ခဲ့တော့ " ဟွန့် " ဆိုပြီး နှုတ်တစ်ချက်မှုတ်ကာ နောက်ကနေ တကောက်ကောက်နဲ့ ပါလာသည်။
" ဘာတွေ ဒီလောက် အများကြီး ဝယ်လာတာလဲ "
ထမင်းစား စားပွဲပေါ် အစ်ကို သယ်လာတဲ့ အထုတ်တွေကို တင်ကာ မေးတော့ အစ်ကိုက ရေသောက်နေရင်း အထုတ်တွေကို လက်ညိုးထိုးပြသည်။ ဘယ်အထုတ်ကို ထိုးပြနေတာလဲတော့ ဝန်း မသိ။
" အိတ်အဝါထဲမှာ ဘောင်းဘီပါတယ် ပုဆိုးမဝတ်ချင်ရင် လဲဝတ်လိုက် "
အိတ်အဝါကိုဖွင့်ကြည့်လိုက်တော့ ဝန်း ခန္ဓာကိုယ်နဲ့ ကိုက်တဲ့ မီးခိုးရောင် ချည်ဘောင်းဘီ အကွက်ရှည် လေး တစ်ထည် ။ အစ်ကို့ ဘောင်းဘီတွေက ဝန်း နဲ့ မတန်တာကြောင့် အဓိကဖြစ်သော တစ်နေရာက အတော်နေရခက်ကာ မနေ့ညက တော်တော်နဲ့ အိပ်မပျော် ။ ဘောင်းဘီချွတ်ပြီး စောင်နဲ့ပတ်အိပ်ဖို့အထိတောင် စဥ်းစားမိလိုက်သေးသည်။ အစ်ကို့အားနာတာနဲ့ အောင့်အီးပြီး နေလိုက်ရတာ ။
![](https://img.wattpad.com/cover/272136580-288-k955915.jpg)