နောက်သို့လှည့်မကြည့်ဘဲ စီးဆင်းလာသောမျက် ရည်စများကို လွင့်စင်အောင် ခပ်ဆက်ဆက်သုတ်လိုက်သည်။ထို့နောက်ခြေလှမ်းကျဲများဖြင့် ပြေးထွက်မိလေတော့ လက်ကောက်ဝတ်ကို တစ်စုံတစ်ယောက်က ဖမ်းဆုပ်ထားလေသည်။

" ပြေးမယ်ဆိုလည်း ကလျာ့နှလုံးသားလေးကို ဂရုစိုက်ပေါ့မမရယ်...ဒီနှင်းဆီလေးက နွယ်တို့နှစ်ယောက်ရဲ့ အမှတ်တရတွေရှိတယ်မလား "

အဖြူရောင်သတို့သမီးဝတ်စုံနဲ့ နတ်သမီးလေးတစ်ပါးလို လှပနေတဲ့ ကလေးမကို နွယ်ငေးနေမိသည်။ဒီနတ်သမီးလေးက နွယ်မပိုင်ဆိုင်တော့တဲ့ သံယောဇဉ်မျှင်ကြိုးလေးဖြစ်သည်။ငဲ့ကွက်စရာတွေ စာနာထောက်ထားစရာတွေသာမရှိခဲ့ရင် ဒီကြိုးလေးကို မလွှတ်တမ်းဆုပ်ကိုင်မိတော့မှာပါဘဲ။

ကလေးမက အောက်သို့ပြုတ်ကျသွားတဲ့ နှင်းဆီပွင့်လေးကိုကောက်ပြီး နွယ့်ဆံနွယ်ထက် ပန်ဆင်ပေးလေသည်။ထို့နောက် အိစက်နေသောလက်ဖဝါးနှစ်ဖက်ဖြင့် နွယ့်ပါးနှစ်ဖက်ကို အသာကိုင်ကာ နဖူးထက်အနမ်းခြွေလေသည်။နူးညံ့တဲ့ဒီအထိအတွေ့ကြောင့် မျက်လုံးများကို အသာမှိတ်ချလိုက်ပြီး ပါးပြင်ဥဥမှာ မျက်ရည်စီးကြောင်းများက နေရာယူနေသည်။

ရင်တွေခုန်ရလွန်းလို့ ခြေမကိုင်မိလက်မကိုင်မိပါဘဲ။သုံးစက္ကန့်လောက် ကမ္ဘာကြီးနဲ့အဆက်သွယ်ပျက်သွားပြီး ကလေးမအနမ်းတွေအောက် သာယာမိသွားတဲ့ သူ့ကိုယ်သူသာ ပိတ်ရိုက်လိုက်ချင်ပါတယ်။နွယ်ရွေးချယ်ထားတဲ့လမ်းကို နွယ်ကိုယ်တိုင် ဖျောက်ဖျက်မိတော့မလို့။

"ကလေးမ!မင်း တို့ကို ဘာလုပ်တာလဲ "

"ကြင်နာပြနေတာလေ မမရယ်။ကလျာ့နှလုံးသားရဲ့စကားအတိုင်း စီးမြောနေမိတာပါ ဟက်"

ကလေးမက ခနဲ့တဲ့တဲ့ရယ်ရင်း မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။နာကျင်နေရမှန်းသိပေမယ့်လည်း နွယ့်ဆုံးဖြတ်ချက်က ကလေးမ ကောင်းစားဖို့အတွက်ပါဘဲ။

"သတို့သမီးက ဘာကြောင့်များ မင်္ဂလာခန်းမထဲက ထွက်ပြေးလာရတာလဲ ကလေးမ!မင်းကို စောင့်နေလိမ့်မယ် အထဲပြန်ဝင်ပါ "

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now