အပိုင်း (၂၆)

4.2K 405 7
                                    

"သူနဲ့ကျွန်မတို့က အိမ်နီးနားချင်းတွေ အိမ်ချင်းကပ်ရပ်ပေါ့ ကျွန်မနဲ့ကအသက်ချင်းလဲသိပ်မကွာတော့ ငယ်ငယ်တုန်းကတော့ အတူတူဆော့ဖော်ဆော့ဖက်တွေပဲ မိဘတွေကလည်းရင်းနှီးကြတယ် မောင်လေးလိုချင်တဲ့ မမကြီးနဲ့မမလေးကဆို သူ့ကိုတော်တော်ချစ်တာ"

သဗ္ဗေညုဘုရားကို ပတ်ပတ်လည်လျှောက်ရင်း ငယ်ဘဝရဲ့အစိတ်အပိုင်းတချို့ကို သျှင်းမြတ်ကိုပြောပြနေမိသည်။ အတိတ်ကိုပြန်တူးဆွရတာမျိုးဆိုတော့ အရေးမပါသည့်အကြောင်းအရာတွေကို ဦးနှောက်ကပြန်ဆွဲခေါ်နေရသည်။

ဖြေးညှင်းသောခြေလှမ်းတွေက အစိုဓာတ်ရှိနေသော အုတ်ရင်ပြင်ကိုထိတွေ့တိုင်း စိုစွတ်စွတ်ထိတွေ့မှုရပေမဲ့လို့ သဘောကျချင်စရာခံစားချက်ပင်။ ပခုံးချင်းယှဉ်လျက်ရှိသော သျှင်းမြတ်၏လက်ထဲမှာလည်း မိမိ၏လက်ဖဝါးတွေဟာနစ်မြှုပ်လို့ပေါ့။ သူပြောပြတာကို အာရုံစိုက်နားထောင်ရင်း သူ့ကိုငေးမောနေတဲ့ အမျိုးသမီးရဲ့အပြုအမူဟာ အာရုံစိုက်မှုအားလုံးဟာ ငုဝါအပေါ်အလုံးစုံရှိနေသည့်အလား။

"ငယ်ငယ်တုန်းကတော့ ကစားရတာကိုနှစ်သက်ပေမဲ့လို့ နည်းနည်းလေးကြီးလာတော့ ကျွန်မကမ္ဘာကပြောင်းလဲသွားတယ်လေ သူများကလေးတွေ အရုပ်တွေ ကစားနည်းမျိုးစုံတွေနဲ့ဆော့ကစားတဲ့အချိန်မှာ ကျွန်မက ကာတွန်းစာအုပ်တစ်အုပ်ကိုဖတ်နေတတ်သလို ပုံဆွဲစာအုပ်တွေမှာ အရောင်ခြယ်နေတတ်ပြီ အရာဝတ္ထုတွေရဲ့အရောင်ကိုခွဲခြားမှတ်သားလာသလို လူတွေကိုလည်းအကဲခတ်လာတတ်ပြီ

တဖြည်းဖြည်းနဲ့ကြီးပြင်းလာတော့ မြင်တွေနေရတဲ့လူတွေဟာငြီးငွေ့စရာကောင်းလာတယ် စာအုပ်တစ်အုပ်ကိုဖတ်နေရတာဟာ သူတို့နဲ့စကားပြောရတာထက်ကိုပိုကောင်းတယ်လို့ခံစားမိတယ် တစ်နေ့တစ်နေ့ကြားလာရတဲ့သူများအကြောင်း အတန်းထဲမှာဘယ်သူကဘယ်လိုဆိုတဲ့အကြောင်း စာပြိုင်ကြတဲ့အကြောင်း အိမ်မှာဆိုလည်း မမကြီးနဲ့မမလေးရဲ့ရည်းစားတွေအကြောင်း အများကြီးပေါ့ အရမ်းငြီးငွေ့ဖို့ကောင်းတယ်လို့ခံစားရတယ်

လူတွေနဲ့အရမ်းကင်းကွာလာတဲ့အခါကြတော့ လူတွေရဲ့စိတ်ကိုပိုမြင်လာသလို ပိုလဲကြောက်လာမိတယ်..ကိုကြီးတို့ မမကြီးတို့ မမလေးတို့က ခိုင်ခန့်မော်ကို ကိုယ်နဲ့ယှဉ်ပြီးပြောတဲ့အခါ၊
မောင်လေးပဲလိုချင်တဲ့အကြောင်း၊ အဖေကအမေကို သားမမွေးပေးလို့ အရက်မူးလာတိုင်းအပြစ်ရှာတာတွေ ဘယ်လိုပြောရမလဲ တိတ်တိတ်လေးနေလေ ပိုမြင်လာရလေပဲ..

You And IWhere stories live. Discover now