" လွှား ဘယ်သွားမလို့လဲ "

နောက်ပါးဆီကနေ ရုတ်တရက်ထွက်လာသော ကိုကို့အသံကြောင့် လွှားတစ်ကိုယ်လုံး တောင့်တင်းသွားသည်။
အံ့သြမှင်သက်ကာ နောက်သို့ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်တော့ ကိုကို တကယ်ပင် ရှိနေခဲ့သည်။ အနက်ရောင်ဆွယ်တာ အင်္ကျီခပ်ပါးပါး၊ ချည်သားဘောင်းဘီခပ်ပွပွ၊ အိမ်တွင်းစီးကွင်းထိုးဖိနပ်အပါးလေး ၊ ဖြီးသင်ထားခြင်းမရှိသည့် ပွယောင်းယောင်ဆံပင် ။ ကိုကို့ပုံစံဟာ အိမ်နေရင်း ပေါ့ပေါ့ပါးပါးပုံစံမျိုး။ တောင့်တင်းနေသောခန္ဓာကိုယ်ကို အားထည့်လှုပ်ရှားရင်း ကိုကို့လက်ကိုလှမ်းကိုင်တော့ ခပ်နွေးနွေးအထိအတွေ့ကိုခံစားရသည်။ထပ်မံ၍ ခန္ဓာကိုယ်ဟာအေးစက်တောင့်ခဲသွားပြန်သည်။

" ကိုကိုက ဘယ်လိုဖြစ်ပြီး ဒီမှာရှိနေရတာလဲ "

ကိုကို့ကို မော့ကြည့်ရင်း တအံ့တသြရေရွတ်လိုက်တဲ့ စကားသံဟာ အနည်းငယ်တုန်ခါနေသည်။ တွေဝေနေသောလွှားကို ကိုကိုက စူးရှစွာကြည့်နေသည်။ထို့နောက် နားလည်သဘောပေါက်ဟန်ဖြင့် မျက်တောင်ခပ်စိပ်စိပ်တို့ကို အသာအယာခတ်လိုက်သည်။ပြီးနော် ဖွဖွပြုံးရင်း ညင်သာစွာစကားဆိုသည်။

"ဒါ ကိုယ့်အိမ်လေ လွှားရဲ့ "

ခေါင်းကို ဘယ်ယိမ်းညာယိမ်းကာ  မျက်စိကစားလိုက်တော့ နေရာအပြင်အဆင်ဟာ လွှားနေတဲ့ဟိုတယ်မဟုတ်တာတော့ အမှန်ပင်။စင်တစ်ခုပေါ်က ကိုကို့ရဲ့ဆုတံဆိပ်ကို မြင်လိုက်ရတော့ ဒါဟာ ကိုကို့အိမ်ဆိုတာ လက်ခံရမည်။မသိတာက လွှားက ကိုကို့အိမ်ကို ဘာလို့ရောက်နေတာလဲ။အတွေးတွေဟာ တောင်စဥ်ရေမရ။လေးလေးနက်နက်စဥ်းစားကြည့်သော်လည်း မှတ်ဉာဏ်ဟာဗလာနတ္ထိ။စဥ်းစားလို့ မရလေ ဒေါသထွက်လေဖြစ်ကာ လက်သီးတင်းတင်းဆုပ်လိုက်မိသည်။

" အရမ်းမစဥ်းစားပါနဲ့ ဖြေး​ဖြေးပေါ့ ဖြေပါဦး ဘယ်သွားမလို့လဲ "

ကိုကိုဟာ လွှားကို ဖြေသိမ့်ပေးရင်း နူးညံ့စွာ စကားဆိုသည်။ ဟုတ်ပေသားပဲ ။ရှူတင်နောက်ကျနေပြီ။ကိုကိုက ဘာမှမပြင်ဆင်ထားပါလား။

" လွှား ရှူတင်သွားမလို့ ကိုကိုရော မပြင်သေးဘူးလား "

လွှားရဲ့အဖြေကို ကြားတော့ ကိုကို့နဖူးကြောတွေ အနည်းငယ်ကျုံ့သွားသည်ကို မြင်လိုက်ရသည်။ချက်ချင်းပင် အမူအရာထိန်းလိုက်ပြီး လွှားကို မေးခွန်းထုတ်လာပြန်သည်။

When You Find Lost Love AgainDonde viven las historias. Descúbrelo ahora