သျှံဓနက မဏိကို တောင်းပန်မယ်တဲ့လား။ မဏိ လက်ခံလိုက်ဖို့ သင့်၊ မသင့် တွေဝေနေဆဲမှာပင် ဖုန်းတစ်ဖက်မှ မာန၏ စကားသံ ထွက်ပေါ်လာပြန်သည်။
“နော်… အစ်ကို၊ ညီလေးတို့ ဆုံရအောင်နော် အစ်ကို”
မဏိ သက်ပြင်းကလေး ခပ်ဖွဖွ ချလျက် မာန၏ တောင်းဆိုချက်ကလေးကို လက်ခံလိုက်ပါသည်။
“အိုကေလေ မာန…၊ အစ်ကိုတို့ ဘယ်မှာဆုံကြမလဲ”
“မနက်ဖြန်ကျရင် ညီနဲ့ ဖေဖေ စိတ်ပြေလက်ပျောက် Hotel Staycation လုပ်မလို့ အစ်ကို။ အဲ့မှာပဲ ဆုံလိုက်မယ်လေ ရလား အစ်ကို…”
“ဟုတ်ပြီလေ မာန…၊ အစ်ကို့ကို Hotel လိပ်စာ ပို့ပေးလိုက်ပါ။ အစ်ကို ညနေ ငါးနာရီအရောက် လာခဲ့ပါ့မယ်”
“ဟုတ်ကဲ့ အစ်ကို၊ ညီလေး မျှော်နေမယ်နော်”
မာနနှင့် ဖုန်းပြောပြီးသွားချိန်တွင် မဏိ ရင်ထဲ လှိုက်ဖိုစွာ ကြည်နူးနေခဲ့မိပါသည်။ မဏိ တစ်ကောင်ကြွက် မဟုတ်တော့ဘူး… မဏိမှာ ညီလေးတစ်ယောက် ရှိလာခဲ့ပြီ ဆိုသည့် အသိစိတ်ကလေးဖြင့် မဏိ စိတ်ကလေး နွေးထွေးစွာ လှုပ်ရှားလာခဲ့ရသည်။
🌹🌹🌹🌹🌹
ကားလေးပေါ်မှ ဆင်းဆင်းချင်း ဟိုတယ်၏ လုံခြုံရေး ယူနီဖောင်းဝတ် ဝန်ထမ်းတစ်ဦးက မဏိ အနားလေး ရောက်လာကာ ခါးလေးကို တစ်ချက် ညွတ်ကိုင်းလျက် နှုတ်ဆက်ပြီး ကားပါကင်ထိုးရန် ကားသော့ကလေးကို တောင်းလာတော့ မဏိက ကားသော့လေးကို ထိုဝန်ထမ်းလေးဆီ လှမ်းပေးလိုက်၏။ ထို့နောက် ဟိုတယ်၏ ဝင်ပေါက် မှန်တံခါးချပ်ကြီးများကို ကျော်ဖြတ်၍ Lobby (ဧည့်ခန်းမဆောင်) ရှိ ဆိုဖာထိုင်ခုံကြီးများတွင် ထိုင်ကာ ပိုက်ဆံအိတ်လေးထဲမှ လက်ကိုင်ဖုန်းလေးကို ထုတ်လျက် ဒီနေ့ မနက်ကမှ ပြောင်းလဲသတ်မှတ်လိုက်သည့် ညီလေး ဆိုသည့် နံပါတ်ကလေး တစ်ခုဆီသို့ ဖုန်းလှမ်းခေါ်လိုက်သည်။
“ဟဲလို… အစ်ကို၊ ရောက်ပြီလား…”
“အင်း မာန၊ အစ်ကို lobby မှာ ရောက်နေပြီ”
“lobby မှာ လူတွေ ရှုပ်နေတယ်မလား အစ်ကို”
မာန၏ အမေးကြောင့် မဏိက ခေါင်းလေး ငဲ့ကြည့်ရင်း ပတ်ဝန်းကျင်ကို လှည့်လည် အကဲခတ်လိုက်သည်။
Chapter - 32 🌹 Zawgyi 🌹
Mulai dari awal
