ဆေးရုံ၏ ဝင်ပေါက် ကောင်တာမှ နာ့စ်လေးအား မေးမြန်းခဲ့ပြီးနောက် မင်းမာနကို အရေးပေါ်ခန်းထဲ သယ်ဆောင်သွားကြကြောင်း မဏိတို့ သိရှိခဲ့ရသည်။ နာ့စ်လေး လမ်းညွှန်သည့်အတိုင်း မဏိတို့ အရေးပေါ် လူနာခန်းရှိရာအခြမ်းသို့ အပြေးတစ်ပိုင်း သွားလိုက်ကြ၏။ အရေးပေါ် အခန်းရှေ့တွင် ထားထားတစ်ယောက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း ဘုရားစာများ ရွတ်လျက်ရှိသည်။
“ထားထား… ထားထား…၊ ညီညီ့ အခြေအနေ ဘယ်လိုတဲ့လဲ”
ထားထားက ဒဿန၏ အသံကို ကြားမှ နောက်ကို လှည့်ကြည့်ကာ အားကိုးရာ ရသွားသူ တစ်ဦးလို မျက်ရည်များဖြင့် ဝဲဝေ့နေသည့် မျက်ဝန်းတို့နှင့် ဒဿန၏ လက်တို့ကို ဖမ်းဆုပ်ဆွဲကိုင်လာသည်။
“ခုထိ မသိရသေးဘူး ဒဿရယ်…၊ ခုထိ အရေးပေါ်အခန်းထဲက ထွက်မလာကြသေးဘူး”
ဒေါ်ထားခင်သည် စိုးရိမ်ပူပန်စိတ်တို့ဖြင့် တစ်ကိုယ်လုံး ဆက်ဆက်ခါ တုန်ယင်လျက်ရှိသည်။ မဏိကို တစ်ချက်သာ လှမ်းကြည့်ပြီး ခပ်ယဲ့ယဲ့ အပြုံးကလေးဖြင့်သာ နှုတ်ဆက်နိုင်လေသည်။ ထို့ကြောင့် မဏိက ဒေါ်ထားခင်ကို ဖေးမနှစ်သိမ့်ရပါသည်။
“ထားထား…၊ အရမ်းလည်း စိတ်မပူပါနဲ့…၊ မာန ဘာမှဖြစ်မှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့လည်း ဒီမှာ ရှိနေတာပဲလေနော်”
“ဒီလိုပဲ မျှော်လင့်ရတာပါပဲ မောင်သံမဏိရယ်…”
“ဒါနဲ့… ဖေဖေ၊ ဖေဖေ့ကိုရော အကြောင်းကြားပြီးပြီလားဟင် ထားထား”
“ဖုန်းစက်ပိတ်ထားတယ်ကွယ်…၊ မောင်ကောင်းဇေထက် ဖုန်းလဲ ပိတ်ထားတယ်။ ကုမ္ပဏီကို လှမ်းဆက်တော့ အစည်းအဝေး လုပ်နေတယ်တဲ့။ အစည်းအဝေးပြီးတာနဲ့ ချက်ချင်း ဖုန်းပြန်ဆက်ပါ…၊ အရေးကြီးတယ်လို့ ထားထား မှာထားတယ်”
ထိုစဉ် အရေးပေါ်အခန်းထဲမှ ဆရာဝန်ကလေးတစ်ဦး ထွက်လာခဲ့ကာ ဒေါ်ထားခင်တို့ အုပ်စုရှိရာသို့ ဦးတည်၍ လျှောက်လှမ်းလာခဲ့သည်။
