အခန်း ၅၇(အရိုးချည်မျှင် ၂)

Start from the beginning
                                    

ရွှဲရှန် အသက်ရှူသံများ ရုတ်ချည်းမြန်ဆန်လာသောအခါ တစ်စုံတစ်ရာက ခေါင်းထဲဖြတ်ပြေးသွား၏။

ခြံဝန်းအပြင်ဘက် လမ်းဆီမှ ကြောင်အော်သံသည် ညယံ၌ ပဲ့တင်ထက်လာပြီး မသိလျှင် ကုတင်ဘေးနားကပ်၍ အော်သည့်အလား ကျယ်လောင်လို့နေ၏။

ထိုကြောင်အော်သံသည် ရွှမ်းမင်ကိုလည်း နိုးကြားသွားစေပုံရ၏။ လက်ကို ဖျတ်ကနဲ ပြန်ယူပြီး မျက်လုံးပြန်မှိတ်သွား၏။

ရွှဲရှန်မှာလည်း အသိပြန်ဝင်လာတာနှင့်အတူ သူ့လက်ကို ပြန်ရုတ်လိုက်ပြီး ပျဥ်ပြားနှယ် တောင့်တင်းလျက် ထိုင်နေတော့သည်။ ပြီးလျှင် ကုလားထိုင်ကို နောက်သို့ပြန်ဆွဲ၏။ ရွှမ်းမင်သည် နဂိုထိုင်လျက် အနေအထားနှင့် မျက်လုံးများ ပြန်မှိတ်ထားပြီး ရွှဲရှန်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသောလက်မှာ မူလအတိုင်း ဒူးထက်တင်လျက် ရှိနေသည်ကို ရွှဲရှန်တွေ့သွားသည်။

အချိန်တစ်ခုကြာသောအခါ ရွှမ်းမင်မျက်လုံးများ ပြန်ပွင့်လာသည်။ ရွှဲရှန်ကို တည်ငြိမ်စွာကြည့်ကာ

"ဝေးဝေးမှာနေ"

သူ့လေသံမှာ နဂိုအတိုင်း တည်ငြိမ်နေပေမယ့် အက်ရှရှအသံက ရောစွတ်လို့နေသည်။

နောက်သို့ အတန်ငယ်ပြန်ဆုတ်ထားနှင့်ပြီဖြစ်သော ရွှဲရှန်၏ မနည်းထိန်းချုပ်ထားခဲ့သော နှလုံးခုန်သံများက တဖန်မြန်ဆန်လို့လာပုံရသည်။ ပေါက်ကွဲတော့မတတ် ဝရုန်းသုန်းကားနိုင်လှသော ရင်ခုန်သံများသည် ဗုံသံများအလား နားထက်ပြည့်လျှံလို့နေရာ ရွှမ်းမင်ဘာပြောမှန်း မကြားလိုက်ရ။

"ဟမ်?"

လွန်စွာနီးကပ်ခဲ့ရာမှ ထူးဆန်းလှသော ခံစားချက်ကနေ ပြန်မကောင်းသေးသော ရွှဲရှန်အသံက နှာသံပေါက်နေပြီး နူးညံ့လို့လည်းနေ၏။

ရွှမ်းမင်သည် တဒင်္ဂမျှ တိတ်ဆိတ်သွားပြီးမှ

"ဘာမှမဟုတ်ဘူး"

တဖြည်းဖြည်းနှင့် နှလုံးခုန်သံများ ပုံမှန်ပြန်ဖြစ်သွားတော့မှသာ ရွှဲရှန်သက်ပြင်းချနိုင်တော့သည်။ ရွှမ်းမင် အားထည့်လျက် ဆုပ်ကိုင်ခဲ့သောလက်မှာ ထုံထိုင်းလို့နေခြင်းက အစောလျင်က ဖြစ်ခဲ့သည်များကို သတိပေးလို့နေသည်။ ရွှဲရှန် လက်ချောင်းများအား အကြောလျော့လိုက်ပြီး စားပွဲဆီသို့ ကုလားထိုင်ကို တွန်းသွားကာ ရွှမ်းမင်ကို ကျောပေးလိုက်သည်။ ရင်ထဲ အပြည့်နေရာယူထားသော ထူးဆန်းလှသည့် ခံစားချက်ကို မေ့မေ့လျော့လျော့ဖြစ်စေရန် မီးအိမ်ကို လောင်စာထည့်လိုက်သည်။

Copper Coins《铜钱龛世》Where stories live. Discover now