"ထယ်ယောင်း အစပ်စားနိုင်လား"
"သိပ်တော့မစားနိုင်ဘူး အစ်ကိုဟိုဆော့"
"ကိုယ်သိပြီ"
အစ်ကိုက အပြုံးဖြင့်ဆိုရင်း လက်မြှောက်ကာ ဝန်ထမ်းလေးကို ခေါ်လိုက်ပြီး တစ်ခုပြီးတစ်ခု မှာသည်။
"အကုန်လုံးကို အစပ်လျှော့ပြီး အငံလည်းလျှော့ပေး"
"သောက်စရာရော ဘာမှာမလဲဗျ"
"ပူပူနွေးနွေးဟင်းချိုတစ်ခွက်ရော ထည့်ပေးပါ ပြီးတော့ ဒီအတိုင်း အယ်လ်ကိုဟောပမာဏနည်းတဲ့ ဝိုင်တစ်ခွက်လောက်ပေး"
ထယ်ယောင်း သူ့အတွက်စဥ်းစားပြီး အပေါ့စာတွေချည်းမှာနေတဲ့ အစ်ကို့ကို အားနာသွားရသည်။
"အစ်ကို ကျွန်တော်က ဘာပဲဖြစ်ဖြစ် ဖြစ်ပါတယ်"
"မဖြစ်ဘူးလေ ကိုယ်ပြောပြီးသား မင်းကိုယ်မင်း ဂရုစိုက်ရမယ်လို့"
ထယ်ယောင်း ရင်ထဲတကယ်ထိသွားတာပင်။ သူ့အတွက်တော့ ဒီလိုအရေးတယူဂရုစိုက်မခံရတာ အတော်ကြာပြီမို့။ ကျေးဇူးပါ လို့သာ ခပ်ဖျော့ဖျော့ဆိုမိတော့သည်။
ထယ်ယောင်းက အရပ်ရှည်ပေမယ့် လူကောင်သေး၏။ ဒီကြားထဲ အစားအသောက်ပျက်ခဲ့တာမို့ သူ့ကိုယ်ကပိုပြီးပိန်ပါးနေခဲ့ရာ လုံးဝကို ငှက်မွှေးလေးကို ပါးလျနေခဲ့သည်။
အစားအစာတွေရောက်လာတော့ အစ်ကိုကသူ့ကိုဂရုတစိုက်ဖြင့် ဟင်းတွေထည့်ပေးလာ၏။
"ဒီနေ့ကစပြီး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်"
ဟိုဆော့က ကောင်လေးကို နွေးထွေးစွာကြည့်ရင်း ပြောလိုက်သည်။
သူ့ဆီက ဂရုစိုက်မှုထက် အခြားတစ်ယောက်ဆီက နွေးထွေးမှုကို ငံ့လင့်နေတာသိသိရက်ဖြင့်။
သူ့စကားအဆုံး ထယ်ယောင်းက ဝဲတက်လာတဲ့မျက်ရည်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သိမ်းဆည်းသည်။ပုံမှန်အားဖြင့် ယောက်ျားလေးတစ်ယောက်က ပျော့ညံ့နေတာကို ဟိုဆော့မကြိုက်။ ဒါပေမယ့် ဒီကောင်လေးက ချွင်းချက်ဖြစ်ခဲ့ဟန်။ ဘာကြောင့်ရယ်မသိ ကောင်လေးရဲ့ မျက်ရည်ဝိုင်းနေတဲ့ မျက်ဝန်းတွေက အရမ်းလှသလို ခံစားရသည်။