မုန့်တွေဝယ်ပြီး store ဆိုင်အပြင်ကို သူတို့ထွက်တော့ ေနလုံးပျောက်ကာ အမှောင်ထုက ကြီးစိုးနေလေပြီ။ ဆေးရုံဝင်းပတ်လည်မလို့ လူနေအိမ်တွေတော့နည်းပါသည်။ စီးပွားကွက်မြင်စွာနဲ့ တိုက်တန်းတွေဆောက်ပြီး ကလေးပစ္စည်းဆိုင်၊ ပြင်ပဆေးဆိုင်၊ ထမင်းဆိုင်တွေ ဖွင့်ထားကြတာများသည်။
ဇာမ်က လွန်းရှိတဲ့အပေါ်ထပ်ကိုမတက်ခင် ကားပါကင် ကိုဝင်၍ ကားပေါ်တက်လိုက်သည်။ ဆယ်စက္ကန့်မျှမကြာလိုက်၊ ကားပေါ်ကပြန်ဆင်းလာတော့ ဇာမ့်လက်ထဲမှာ ဂစ်တာတစ်လက်ပါလာသည်။
ဂျာဆိုင်းတို့ နေ့တိုင်းလာပို့နေတာကို ဟင်းတွေသွားယူဦးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ညနေက အိမ်ခဏပြန်ကတည်းက အကြံနဲ့ပြန်သွားတဲ့ ဇာမ်မင်းထည်ယံရယ်ပါ။
ကူးကူးလက်ကိုဆွဲကာ သုံးလွှာကိုတက်ဖို့ ဓာတ်လှေကားကိုပဲ ဇာမ်ရွေးလိုက်သည်။ လှေကားဆိုရင် ကူးကူးလည်းမသက်မသာတက်ရမှာဖြစ်သလို ကူးကူးကိုချီဖို့ကလည်း မုန့်ထုပ်ကြီးနှစ်ထုပ်နဲ့ ဂစ်တာကိုင်ထားတာမို့ မလွယ်။
အပေါ်တက်သွားတဲ့တစ်သုတ်ကုန်မှ ဇာမ်တို့အလှည့်ကိုရောက်သည်။ ဓာတ်လှေကားထဲမှာလည်း ကူးကူးကို သေချာမှာရသေးသည်။
"လက်ခုပ်လေးတီးပြီးဆိုနော်။ ကူးကူးလက်ခုပ်တီးမှ ဖေဖေကအားရှိမှာ"
တက်ကြွကြက်ဖဖြစ်နေတဲ့ ဇာမ့်ကို ပိုက်တံတပ်ပေးထားတဲ့ ကိုလာကို တမြုံ့မြုံ့ စုပ်ရင်း ကူးကူးက မျက်လုံးလေးဆွေကြည့်သည်။
"ညီညီလေးလည်း နားထောင်နေမှာ။ ညီညီလေး ကျန်းကျန်းမာမာနဲ့အပြင်ကိုထွက်လာအောင် ဖေ့ကို ကူညီရမယ်"
နားညီးနေပြီပေမဲ့ ညီညီလေးအတွက်ဆိုတော့ အသေအချာနားထောင်ပြီး
"ဟုတ်" ဟူ၍ ခေါင်းညိတ်ရှာသည်။
"မောင်တို့ဘယ်အထိသွားနေတာလဲ။ ဖုန်းလည်း ယူမသွားဘူး"
အခန်းထဲဘာမှလုပ်စရာမရှိတာမို့ ထွက်သွားတဲ့အချိန်ကနေလို့ အခုထိ ကြာချိန်မိနစ်ကို TV ထက်က နံရံမှာကပ်ထားတဲ့နာရီကိုကြည့်ရင်း လွန်းရေတွက်နေတာ။ လေးဆယ့်ခြောက်မိနစ်တိတိ။ ဒီအခန်းကနေ၍တောင် လှမ်းမြင်နေရတဲ့ စျေးဆိုင်ဆီသွားတာ အဲ့လောက်ကြာစရာမှမလိုဘဲ။
Eternal Story - 20
Start from the beginning