[Unicode]
(အပိုင်း-၉)"Lobby ကို တစ်ချက်လောက်ထွက်ကြည့်ပါဦး ဆရာ"
"ဟမ် ဘာလို့လဲ၊ ဘာပြဿနာရှိတာလဲ"
"ဟို...ဆရာထွက်ကြည့်တာ ပိုကောင်းမယ်ထင်တယ်"
လကုန်ရက်မို့ အရင်ရက်ပိုင်းက Hotel ပြင်ဆင်ခစရိတ်တွေ စာရင်းတွက်ဖို့ အခန်းထဲမှာရှိတဲ့ အလုပ်စားပွဲမှာ ထိုင်နေရာက ပြူးတူးပြာတာလာပြောသည့် ဧည့်ကြိုကောင်လေးရဲ့စကားကြောင့် မျက်မှောင်ကျုတ်မိသည်။ တွက်လက်စစာရင်းကိုရပ်ရင်း
"လာခဲ့မယ်၊ သွားနှင့်"
မတ်တပ်ထကာ ဗီဒိုထဲက အပေါ်အနွေးထည်တစ်ထည်ကို ကောက်စွပ်နေစဉ် စားပွဲဘေး အခုထိရပ်နေသည့် ထိုကောင်လေး။
"ပြဿနာက အတော်ကြီးပုံပဲ၊ ဟုတ်လား"
"ဟုတ်ကဲ့ ဆရာ၊ ဧည့်သည်က ပိုက်ဆံမပါလို့ ကျွန်တော်တို့က လက်မခံပါဘူးပြောတာကို ဟို..မင်းတို့သူဌေးကို သွားခေါ်လိုက်ဆိုလို့"
တွန့်ဆုတ်တွန့်ဆုတ်ပြောလာသည့်စကားကို ခေါင်းငြိမ့်လျက် ဂရုတစိုက်နားထောင်၍ သဘောပေါက်စွာ "သြော်" ဟုသာ ရေရွတ်မိ၏။ ဟိုတယ်မှာက ဒီလိုကိစ္စတွေ မကြာမကြာကြုံရသည်မို့ စိုင်းနောင်အတွက် မဆန်းတော့သော်ငြား လခစား ဝန်ထမ်းတွေကတော့ အမှားပြုမိမှာ ကြောက်နေဟန်တူသည်။
အပေါ်ဝတ်ကုတ်ကို ဂရုတစိုက်ပြင်ဝတ်လျက် အနည်းငယ်ရှုပ်ချင်နေသည့် ဆံပင်ကို လက်နဲ့ဖွဖွသပ်လိုက်ရင်း lobby ဆီ ခပ်သုတ်သုတ်ထွက်ခဲ့သည်။ ကလေကချေ အလေအလွင့်တွေကို ကိုင်တွယ်ဖို့ဆိုရင် လူကြီးသူကောင်းပုံစံပေါက်နေမှ ဖြစ်လိမ့်မည်။
"ဟိုမှာ ဆရာလာပြီ"
Lobby ထဲ ခြေချလိုက်သည်နှင့် ဝန်ထမ်းကောင်မလေးက ပြုံးရွှင်သွားတဲ့မျက်နှာနဲ့ ဝမ်းသာတကြီးထအော်သည်။ ကောင်တာမှာ ဝန်ထမ်းခြောက်ယောက်နီးပါး ရှိနေ၏။ ကောင်တာရှေ့တည့်တည့် ဆိုဖာပေါ် ခြေချိတ်ထိုင်လျက် ချပေးထားဟန်တူသည့် လိမ္မော်ရည်ခွက်ကို သောက်နေသူကိုတော့ ကျောပေးထားတာမို့ မမြင်ရသေး။