ယူရှောင်မိုသည် မှော်ဝင်သားရဲဧကရာဇ်တစ်ကောင် ပိုင်ဆိုင်ရန် စိတ်ပင်မကူးရဲပေ၊ သို့သော် ပြစ်မျိုးခုနစ်ဖြာသားရဲ တစ်ကောင်လောက်တော့ လိုချင်မိသည် ။

လင်းရှောင်သည် ပုလဲလုံးလေးများစီထားသကဲ့သို့ ညီညာဖြူဖွေးနေသည့် သွားတန်းကလေးများပေါ်အောင် ပြုံးလိုက်သည် ။

" မင်းလိုချင်ရင်ရပါတယ်.. ဒါပေမဲ့ ခုနကပြိုင်တုန်းက ရှုံးထားတယ်မဟုတ်လား၊ အဲဒီတော့ မစဉ်းစားနဲ့ ခေါင်းထဲကထုတ်လိုက်ပေတော့ "

ယူရှောင်မို နင်သွားလေသည် ။

သူ စိတ်ထဲမှ တွေးနေရုံရှိသေး လင်းရှောင်မှ ဖော်ထုတ်ပစ်လိုက်သည်၊ ထိုပြိုင်ပွဲအကြောင်းမှာ ပြန်တွေးတိုင်း စိတ်တိုစရာပင်ဖြစ်သည်၊ လင်းရှောင်သည် အစကတည်းက သူ့အား လှည့်စား‌နေခဲ့သည်၊ အစတွင် သူ့အားဦးဆောင်နေစေပြီး စိတ်လှုပ်ရှားကာ မျှော်လင့်ချက်များ ကြီးမားလာစေခဲ့၏၊ သို့သော် နောက်ဆုံးအချိန်ရောက်မှ အသာကလေး ကျော်တက်သွားခဲ့သည်၊ ၎င်းမှာ သေချာပေါက် ကြိုတင်အစီအစဉ်ချထားခြင်းပေ ။

ခြိမ်းခြောက်ခံရပြီးနောက် ယူရှောင်မိုခမျာ မိမိအရှုံးအား ဝန်ခံခဲ့ရသည်၊ ထို့နောက် လင်းရှောင်မှ အချိန်မဖြုန်းတော့ဘဲ ဤနေရာအထိ သူ့အား သယ်ဆောင်လာခဲ့လေသည် ။

ပြစ်မျိုးခုနစ်ဖြာသားရဲများထဲမှ တစ်ကောင်ဖြစ်သည့်အလျှောက် မာနဝင့်လွှားငှက်သည် မိမိကိုယ်မိမိ မည်သို့ပျော်အောင်ထားရမည်မှန်း သိသည်၊ ထိုအချက်အား လှိုဏ်ဂူထဲ စဝင်လာကတည်းက မြင်နိုင်ပေ၏၊ ဂူအတွင်း ချုံနွယ်များ ရေညှိများ ထူထဲစွာပေါက်ရောက်နေရမည့်အစား ပန်းပင်နွယ်ပင်များအား အစားထိုးထား၏၊ အဝင်ဝ၌ တွဲလောင်းကျနေသော အလှနွယ်ပင်ကလေးများပင် ရှိသေးသည်၊ ၎င်းမှာ တမင်တကာ ဖန်တီးစိုက်ပျိုးထားမှန်း သိသာလှပေသည် ။

" အဲဒီငှက် အထဲမှာရှိလား "

ယူရှောင်မိုမှမေးလိုက်သည် ။

" မရှိဘူး "

လင်းရှောင် တစ်ချက်စစ်ဆေးကြည့်လိုက်သည်၊ အတွင်း၌ တကယ်ပင် ဘာမှမရှိချေ ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now