တကယ်ကဇာမ်နိုးနေတာကြာလှပြီ။ ဝက်သားလုံးလို ဖက်တီးပုတ်လေး ကိုယ်ပေါ်တက်နေမှတော့ ဘယ်လောက်အိပ်ပျော်နေအိပ်ပျော်နေ ဒီအလေးချိန်နဲ့ မနိုးစရာမရှိ။ အသာငြိမ်နေပြီးမှပြန်ခြောက်လိုက်တော့ နောက်ကိုရို့သွားတာမို့ ပက်လက်လှန်လဲကျမသွားအောင်ထိန်းလိုက်ရသည်။
သူပြုတ်မကျမှန်းသေချာသွားမှ ဇာမ့်လက်ချောင်းတွေကို လှုပ်ဆော့လာသည်။ အားမရှိသလိုနုံးနေပေမဲ့ သားကို ဆူငေါက်ပြီး တွန်းမဖယ်မိ။ မျက်လုံးအိမ်ကြီးတွေထဲ ဖွဖွပွတ်ကာမျက်ဝတ်ဖယ်ပေးရင်း
"ဖေ့ကူးက အစောကြီးနိုးလာတာပေါ့"
"ပါပါးရော နိုးနိုး"
"ပါပါးက ဘာလုပ်နေတာလဲ"
"ပါပါး တွားတိုက်"
တခြားကလေးတွေ စကားပီပီပြောနေချိန်မှာ သားက ထိုမျှလောက်မပီသေး။ အနည်းငယ်တွဲနေသည့်လျှာခင်က မွေးစကတည်းက သားဖွားဆရာမတွေ လက်သည်းခွံနဲ့အသာဆိတ်လိုက်ရင်ဖြစ်တယ်ဆိုပေမဲ့ အခုကြီးလာတော့ ဆေးရုံသွားဖြတ်ရမှအဆင်ပြေသည်။
လွန်းက တစ်နှစ်လောက် ကြည့်လိုက်ဦးမယ်ပြောထားတာမို့ ခြောက်နှစ်ပြည့်ထိ စောင့်ကြည့်ရမည်။ ဇာမ့်ထက်စာရင် သူက ပိုနားလည်သူပေလေ။
"ဖေ့ကိုယ်က မပူဘူးလား"
"နွေးနွေးယေး"
"ကူးကူးကို ဖျားဖျားတွေကူးကုန်လိမ့်မယ်၊ အောက်ဆင်းတော့နော်၊ မျက်နှာသစ် သွားတိုက်ချေ"
"ဟုတ်"
တလှိမ့်လှိမ့်နဲ့ကူးကူး ရေချိုးခန်းတံခါးဆီမရောက်ခင်မှာ တဘက်ကို ခေါင်းပေါ်တင်ရင်း လွန်းထွက်လာသည်။ စောင်ခေါက်နေသည့် ဆိုဖာပေါ်ကဇာမ့်ကိုမြင်တော့ အံ့သြသွားလျက်ပင် ထိုနားကို ခပ်သွက်သွက်လှမ်းသွားသည်။
"မောင်!"
ဒီခရီးနဲ့ဒီလမ်းကို ဘယ်တုန်းက ပြန်ရောက်လာတာလဲ။ လမ်းမှာ ကားတစ်ခုခုဖြစ်လို့ ပြန်လာသလား။လွန်းခေါင်းထဲမှာ တန်းဝင်လာသည့် အတွေးတွေ။
"ဘယ်အချိန်ကတည်းက ပြန်ရောက်နေတာလဲ၊ ငါ့ကိုလည်းဘာမှမပြောဘူး၊ မဟုတ်မှ နေ့ချင်းပြန် ပြန်ချလာတာလား"
Eternal Story - 16
Start from the beginning