Chapter 22

173 25 9
                                    

_Unicode_

အခန်း (၂၂)

ညနေစာ

အနောက်ဆောင်ရှိ အရေးကြီးပုဂ္ဂိုလ်၏ မွေးနေ့ရက်မြတ် အထိမ်းအမှတ်ပွဲတော်ကြောင့် အနီရောင် တံခါးချပ်ကြီးများနောက်တွင် သချင်နန်းတော်သည် လှုပ်ရှား စည်ကားလျက်ရှိ၏။

မနက်ခင်းညီလာခံတွင် နန်းတော်တွင်းသို့ လာရောက်မည့် မဟာမိတ်လူမျိုးစုများထံမှ အထူးကိုယ်စားလှယ်ပုဂ္ဂိုလ်များ၏ နာမည်စာရင်းကို စီစစ်တင်ပြရန်မှာ ကဏ္ဍသစ်တစ်ရပ်အဖြစ် ထပ်တိုးလာ‌ပေသည်။ ကိုယ်စားလှယ်တော်များ အတွင်းတွင် မျိုးနွယ်စုတိုင်း၏ အလားအလာ အကောင်းဆုံးဖြစ်သော လူငယ်များက သချင်အပေါ် လေးစားမှုကို ပြသရန် လာရောက်ကြမည့်အပြင် သံတမန်ရေးရာ ဆက်သွယ်မှုများနှင့် ချိတ်ဆက်ပြီးသားဖြစ်သည့် မျိုးနွယ်စုများအထိ ပါဝင်လေ၏။

နယ်စပ် လုံခြုံရေး စည်းမျဉ်းကို ထိပါးနေသည့် လူရိုင်းတွေကို ထိန်းချုပ်ရန် ထိုနေရာ၏ ကုန်းမြေ အခြေအနေနှင့် ရင်းနှီးပြီးသားဖြစ်သော မျိုးနွယ်စုများက ကိုင်တွယ်ပါလျှင် ပိုလို့ ထိရောက်မည်သာ။ ဝါလချီယွိသည် နှင်းတောင်တန်းအခြေ လွင်ပြင်ကုန်းမြေတစ်ဝိုက်ရှိ မျိုးနွယ်စုကြီးတစ်ခု၏ ငယ်ရွယ်သော မျိုးနွယ်စု ဦးဆောင်သူတစ်ဦးဖြစ်သည်။

ပြိုင်ဖက်မျိုးနွယ်စုများအတွင်း 'ဝါလချီယွိဟာ မျိုးနွယ်စု၏ စစ်တပ်ထံမှ ထောက်ခံမှုကို မရရှိထား' ဟူသည့် လျို့ဝှက်သတင်းစကား ပျံနှံ့လျက် ရှိသည်။ သို့နှင့် ထက်မြက်ကာ အသက်အရွယ်ကြီးရင့်သော အကြီးအကဲများက အန်းနချန်ယင်း၏ ဝံပုလွေနက်တပ်အား သူတို့၏ ကိုယ်ကျိုးအတွက် အသုံးချနိုင်ရန် အပတ်တကုပ် ကြိုးစားနေကြလျက်။ ဝံပုလွေနက်တပ်သည် လူအရေအတွက်အားဖြင့် ချင်စစ်တပ်၏ ခြေ‌ဖျားပင် မမှီသော်ငြား ကြိုတင်မှန်းဆ၍ မရနိုင်သော ပရိယာယ်များကြောင့် ကျော်ကြားလေသည်။

ညီလာခံပြီးသည့်နောက် သချင်ဧကရာဇ်က အရှင် ၁၁ နှင့် သီးသန့်တွေ့ဆုံ၏။

အရှင် ၁၁ သည် အန်းနကွေ့ဖေး၏ နာမည်အောက်တွင်ရှိသည့် တစ်ဦးတည်းသော သားတော်ဖြစ်သည့်အလျောက် ဧကရာဇ်အနေနှင့် သီးသန့်ခေါ်၍ ဆွေးနွေးသည်မှာ မဆန်းလှပေ။ ညီလာခံတွင် ရှိသူတိုင်းက ထိုသို့တွေးမြင်ကြပါသော်ငြား ဧကရာဇ်ကမူ ထိုအရာကြောင့် မဟုတ်ချေ။

Eleventh Lord Where stories live. Discover now