Chapter 11

299 52 8
                                    

_Unicode_

အခန်း(၁၁)

အကယ်၍

ဆောင်းဦး အမဲလိုက်ပွဲ စတင်ပြီ ဖြစ်သည်။ ဖြတ်လတ်သော မြင်းများနှင့် သတ္ထုထိပ်ချွန်းတပ် မြှားတို့၏ အတွဲအစပ် သည် သစ်တောအုပ် အတွင်း၌ ခြယ်လှယ်ပေတော့မည်။ ယာယီ စခန်းချရာ အဖြူရောင်တဲ ရာချီတို့က  ဧကရာဇ် စံမြန်းလေသော ပင်မတဲကို ပတ်လည်ဝိုင်းသည့် အနေအထားဖြင့် တည်စိုက်ထား‌၏။

ရေပူစမ်း ပွဲတော် ပြီးသည်နှင့် ရက်မခြားဘဲ ဆက်တိုက် ကျင်းပခြင်းဖြစ် သောကြောင့် နေမကောင်း ဖြစ်သွားသော ယွီကျို့ အနေဖြင့် စခန်းရှိရာဆီသို့ နောက်ကျမှ လိုက်သွားရပေသည်။

အရှင် ၁၁ အိမ်တော်မှ ထွက်လာသော မြင်းတန်းသည် မြို့ရိုးကို ဖြတ်၏။

ဘာကြောင့်ရယ် မသိပါဘဲ ရှန်မေ့လီက လိုက်လာချင်သည့် ပုံမပေါ်။

တစ်မနက်ခင်းစာမျှ အချိန်ယူ၍ ယွီကျို့ ကိုယ်တိုင် ဖျောင်းဖျ ခဲ့ရသည်။ ရှန်မေ့လီ၏ အဝတ်တို့က နုဖျော့သော အရောင်များသာ ဖြစ်ပြီး တစ်ထည်စီတိုင်း ဟာ လက်ချောင်းထိပ်များကိုပါ ဖုံး‌ပေးနိုင်သည့် အတိုင်းအတာ ရှိသော အင်္ကျီလက် ပုံစံများ ဖြစ်သည်။ ရှန်မေ့လီက ယွီယွမ့်ကို မြင်သောအခါမှသာ စိတ်ချသွားသည့် မျက်နှာထား ဖြစ်သွား‌သည်ကို မြင်လိုက်ရ၏။

ယွီကျို့နှင့် ရှန်မေ့လီတို့ ကြားတွင် စင်စစ် မောင်နှမ ဆက်ဆံရေးမျိုးသာ ရှိပေသည်။ နှစ်ယောက်လုံးသည် ပွင့်လင်းကာ စိတ်ထဲရှိသည့် အတိုင်း ပြောဆို တတ်ကြသည်။ ရှန်မေ့လီနှင့်‌ ဆုံမိချိန်တိုင်း သူဟာ သူ့ကိုယ်သူ ‘မမ’ ဟု သုံးနှုန်းကာ ယွီယွမ့်အား ‘ညီမလေး’ ဟု မခေါ်ရုံ တစ်မယ်ပင်။ ထိုအချိန်များတွင် ယွီယွမ် ရယ်ရမလို ၊ ငိုရမလို အမြဲ ဖြစ်ရသည်သာ။

အပြင်ဘက်ရှိရှုခင်းများကို ကြည့်နေရင်းမှ ရှန်မေ့လီက စကားစလာ၏။

“ ဟိုတစ်ခေါက်က စားသောက်ဆိုင်ဆီ ခေါ်သွားမိတာကို လူငယ်လေး စိတ်မခုပါနဲ့။ အဲ့တုန်းက လျိုဖေး....လျိုဖုန်းဟွေ့ဆိုတဲ့ ငနာကောင်က မျက်နှာ နှစ်ဖက်နဲ့လူ ဆိုတာ မမ မသိသေး လို့ပါ။ ၁၁ ပြောပြမှ မမ မှားသွားမှန်း သိတယ်။ ”

Eleventh Lord Where stories live. Discover now