Chapter 18

221 39 17
                                    

_Unicode_

အခန်း (၁၈)

ဆုံးဖြတ်ချက်

ယွီယွမ်သည် အန်းရှောင်းလဲ့၏ ဆန္ဒနှင့် သူ၏ ဆန္ဒအကြား ရုန်းကန်ရလိမ့်မည်ဟု တစ်ခါလေးတောင် အချိန်ယူ တွေးခဲ့ဖူးခြင်း မရှိပေ။ ကိစ္စများသည် တိုက်ဆိုင်စွာ ဖြစ်ပွားခဲ့ပြီး ကံတရားက အချိန်အပိုင်းအခြားကို အားအားရှိ ခြယ်လှယ်၍ ကလိနေသည်။

မနေ့ညကပင် ယွီကျို့က အရိတ်အမြွက် စကားများကို ပြောခဲ့သည်။ အံ့အားသင့်စရာ ဇာတ်ကွက်အဖြစ် ပေါ်လာရမည့် သွေးသားတော်စပ်ခြင်းကိစ္စက ယနေ့တွင် အချိန်မနှောင်းဘဲ ဖွင့်ထုတ်ခံလိုက်ရသည်။ ကံကြမ္မာသည် တကယ့်ကို လှည့်ဖြား ကျီစားသန်သော တစ်ကိုယ်ကောင်းဆန်သူ ဖြစ်သည်ဟု ဆိုလိုက်ခြင်းအတွက် ယွီယွမ် မလွန်ပါပေ။

တကယ့်ဘဝတွင်မူ ဇာတ်အထွဋ်အထိတ်သို့ ရောက်ခြင်းသည် ခြေတစ်လှမ်းစာအတွင်း ဖြစ်နိုင်သလို မျက်တောင်တစ်ခတ်စာအတွင်းလည်း ဖြစ်နိုင်ပါ၏။

ဒါမှမဟုတ်ရင်လည်း မနေ့ညကတင် လိင်ကိစ္စပြုခဲ့ပြီးချိန်တွင် ရောက်တတ်ရာရာ စပ်စုမေးမြန်းခဲ့သော အကြောင်းအရာများနှင့် ဆက်နွယ်သွားချိန်အတွင်း...ထိုသို့ဖြစ်လာနိုင်‌ချေက အလွန်ကို နီးကပ်သွားသည်မှာ  အံ့အားသင့်ဖွယ်ရာ ဖြစ်ရပ်ဟု ဆိုရလေမလား။

ယွီယွမ်၏ ကံကြမ္မာဇာတ်ဆရာမှာ ရေချိန်လွန်နေလောက်သည်။ သူ၏ စုတ်တံကိုတောင် ကောင်းကောင်း မကိုင်ထားနိုင်တော့သည့်ပုံပင်။

အန်းနကွေ့ဖေးက ငိုနေရင်း သတိလစ် မေ့လဲသွားသောကြောင့် တဲအဆောင်အတွင်းသို့ အစေခံများစွာ အပြေးဝင်လာသဖြင့် တစ်သီးတစ်သန့်ဆန်နေရာမှ ရှုပ်ထွေးသော ပတ်ဝန်းကျင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အန်းနချန်ယင်းကမူ နေရာမှာတင် ရပ်လျက် ကုတင်ပေါ်ရှိ အန်းနကွေ့ဖေးကို စိုက်ကြည့်နေသည်။

အန်းနချန်ယင်းက သူ့ကို မျိုးနွယ်စုဆီ ပြန်ခေါ်သွားမည်လော? သေချာသည်။ ပြန်ခေါ်သွားပါလိမ့်မည်။ အန်းရှောင်းလဲ့သည် သူ့ချည်းသက်သက်မူ မျိုးနွယ်စုရှိ မထင်မရှား မွန်ဂိုကောင်လေးတစ်ယောက်သာ ဖြစ်သော်ငြား  ဝံပုလွေနက်စစ်သူကြီးနှင့် အတူရှိနေပါလျှင် သူသည်ကား ထိုလူ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသော သွေးသား မတော်စပ်သည့်တိုင် ညီငယ်တစ်ယောက် ဖြစ်နေသေးသည့်အပြင် မျိုးနွယ်စုနွယ်ဝင် တစ်ယောက်လည်း ဖြစ်နေပါ၏။

Eleventh Lord Where stories live. Discover now