Chapter (4) Miracle

Start from the beginning
                                    

သို့သော်ငြား တစ်ပတ်ကျော်ကြာပြီးသည့် စနေနေ့ပိတ်ရက်တစ်ရက်တွင်တော့ စဝ်လွန်းရီ ထံသို့ မမျှော်လင့်ထားသော ဖုန်းတစ်လုံးက ဝင်လာလေသည်။

ထိုနေ့က ကျောင်းပိတ်ရက်လည်း ဖြစ်သလို ဘယ်မှလည်းမသွားဖြစ်တာမို့ စဝ်လွန်းရီတစ်ယောက် သူ့ဝါသနာအတိုင်း အိမ်အပေါ်ထပ်ရှိ ဓာတ်ပုံကူးသည့် အမှောင်ခန်းထဲတွင် Jazz သီချင်းသံလေး တငြိမ့်ငြိမ့်ဖြင့် အလုပ်ရှုပ်နေခဲ့သည်။ ဓာတ်ပုံဖလင်လေးကူးလိုက်၊ သီချင်းလေး လိုက်ညည်းလိုက်၊ စားပွဲပေါ်က ဝီစကီလေးကို တစ်ချက်သွားသွားမော့လိုက်နှင့်လုပ်နေရသည်က သူ့အတွက်တော့ လောကနိဗ္ဗာန်ပင်ဖြစ်သည်။

စဝ်လွန်းရီ က လူတစ်ဦးတစ်ယောက်၏ သီးသန့် potrait ပုံများကို ရိုက်ရသည်ထက် နေ့စဉ်လှုပ်ရှားသွားလာနေသော လူအများ၏ သဘာဝဆန်ဆန် လျှပ်တပြတ် street photo များလိုက်ရိုက်ရသည်ကို ပိုသဘောကျသည်။ သို့သော် သူက သာမန်လူ မဟုတ်ဘဲ မင်းသားတစ်ပါးဖြစ်နေသည်မို့ လူကြားထဲသူကြားထဲက သွားချင်တိုင်း သိပ်သွားလို့မရ။ တစ်ခါတစ်ရံ ကျောင်းပိတ်ရက်များမှသာ ဘေးနားမှ ကိုယ်ရံတော် ဦးအုန်းမောင် နှင့် မြို့ပတ်ပြီး ကားတစ်စီးဖြင့် ခိုးကြောင်ခိုးဝှက် ဓာတ်ပုံလိုက်ရိုက်ရလေသည်။

ယခုတလောတွင်က သူ့တွင် ကျောင်းကိစ္စများရော လူမှုရေးရာကိစ္စများပါ ရှုပ်နေတာမလို့ ဟိုးအရင် ရှေ့နှစ်ပတ်ကျော် မြို့မစျေးဘက်သွားတုန်းက ရိုက်ထားသည့် ဓာတ်ပုံများကို ဒီကနေ့မှသာ ကူးရလေသည်။

ဖုန်းကိုင်ရန် ဒေါ်လုံး လာခေါ်တော့ သူ့မှာ ဓာတ်ပုံဆေးစိမ်ရင်း တန်းလန်းဖြစ်နေတာမလို့ "ဘယ်သူလဲ" ဟုသာ အခန်းထဲမှ လှမ်းအော်မေးလိုက်လေသည်။

"ဂျူလီယာ လို့ပြောပါတယ် ဘုရား"

တံခါးတစ်ဖက်ဆီမှ မမျှော်လင့်ထားသော အဖြေကို ကြားလိုက်ရသောကြောင့် သူ့ရဲ့ လှုပ်ရှားမှုတွေ ရပ်တန့်သွားပြီး အနည်းငယ် အံ့အားသင့်သွားမိသည်။ ရုတ်တရက်မလို့ မည်သို့ တုံ့ပြန်ရမှန်း သူ မဆုံးဖြတ်တတ်။ 

"ကျွန်တော် မအားဘူးလို့ ပြောလိုက်"  အတန်ငယ်ကြာအောင်တွေဝေနေပြီးမှ သူ ပြောလိုက်သည်။

Royal SecretWhere stories live. Discover now