Chapter (4) Miracle

672 58 4
                                    

Unicode

သူ့လက်သီးက အရှိန်ပြင်းသွားကြောင့် စဝ်ခွန်စစ် တစ်ယောက် ကြမ်းပြင်ပေါ်သို့ လဲကျလုနီးနီးပင် ယိုင်နဲ့သွားကာ နှုတ်ခမ်းထောင့်မှလည်း သွေးများစို့တက်လာလေသည်။

စဝ်ခွန်စစ် က ချက်ချင်းဆိုသလို သူ့နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့်သုတ်ပစ်ကာ သူ့အား ပြန်လည်စူးစိုက်၍ကြည့်လာသည်။ သို့သော် သူ့တွင် ပြန်လည် လက်တုံ့ပြန်ရန် အစီအစဉ်တော့ရှိဟန် မတူချေ။ စူးရှသောမျက်ဝန်းအစုံတို့ဖြင့် ဒီအတိုင်းသာ သူ့အား ငေးစိုက်ကြည့်နေလေသည်။

ထိုမျက်ဝန်းများ၏ အဓိပ္ပာယ်ကိုမူ စဝ်လွန်းရီ ပုံမဖော်တတ်။ သေချာသည်တစ်ခုကတော့ ထိုမျက်ဝန်းအစုံ၏ ပိုင်ရှင်အား သူ နောက်တစ်ကြိမ် ပိတ်ထိုးရန် မကြိုးစားမိတော့ချေ။

ထိုစဉ် ထိုးလားကြိတ်လားနှင့် ရုတ်တရက် ရုတ်ရုတ်သဲသဲဖြစ်သွားသည်မို့ သူတို့နှစ်ဦးအနားသို့ pub တစ်ခုလုံးနီးပါး ရောက်လာကြသည်။ ဤသို့ဖြင့် စဝ်ခွန်စစ် အား ဝိုင်းထိန်းပေးကြသူများက တစ်ဖွဲ့၊ သူ့အား ဝိုင်းဆွဲကြသူများက တစ်ဖွဲ့ နှင့် pub ထဲတွင် ပွဲတစ်လုံးဖြစ်သွားတော့သည်။

အရင်ဦးဆုံးရောက်လာကြ သူများကတော့ သူ့နားမှ သူငယ်ချင်းနှစ်ဦး ဖြစ်သော ဒန်နီရယ် နှင့် ဝီလီယံ တို့ဖြစ်ကာ သူ့ကို ဘေးတစ်ဘက်တစ်ချက်စီမှ ဝိုင်းဆွဲ၍ စဝ်ခွန်စစ် အား အားနာပါးနာနှင့် တောင်းပန်ကြလေတော့သည်။

"သူနဲ့ထိုက်တန်တာ သူ ပြန်ရတာလေ.. ဘာတောင်းပန်စရာလိုလို့လဲ?" စဝ်လွန်းရီ လည်း ပြောပြောဆိုဆိုဖြင့် သူ့အား ချုပ်ထားသော သူငယ်ချင်းနှစ်ယောက်ကို တွန်းထုတ်လိုက်သည်။ ထို့နောက် ဝိုင်းဝန်းအကဲခတ်နေကြသော လူအုပ်ကြီး၏ အကြည့်များကို ဥပေက္ခာပြုကာ pub ထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာခဲ့လိုက်တော့သည်။

The Aristo Pub တွင် ထိုကိစ္စဖြစ်ခဲ့ပြီး နောက်ပိုင်းရက်များတွင်တော့ စဝ်ခွန်စစ် ၏ အရိပ်အယောင်ကို သူ တစိုးတစိမျှ မမြင်တွေ့ရတော့ချေ။ အတန်းဖော်များ၏ အကဲခတ်သော အကြည့်စိမ်းစိမ်းများမှာလည်း တစ်ရက်နှစ်ရက်လောက်ကြာပြီးသည့်နောက်တွင်တော့ အားလုံးမေ့မေ့ပျောက်ပျောက်ပြန်ဖြစ်သွားကြသည်။ ဒန်နီရယ် နှင့် ဝီလီယံ တို့ကလည်း အလိုက်သိစွာဖြင့် ထိုအကြောင်းကို တစ်ခွန်းတစ်လေမျှတောင် စကားမစ ကြသဖြင့် တစ်ပတ်လောက်ကြာသောအခါတွင်တော့ သူ ကိုယ်တိုင်သည်လည်း ဘာမှမဖြစ်ဖူးခဲ့သလို သတိတောင် မရတော့ချေ။

Royal SecretWhere stories live. Discover now