မအီမသာဖြစ်နေသော ခံစားချက်ဖြင့် ဆင့်တစ်ယောက်မူးဝေနေရာမှထလာခဲ့သည်။ အပြင်းအထန်ထိုးကိုက်နေသော ခေါင်းပေါ်လက်တင်လိုက်ကာ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။ဘေးတွင်အိပ်ပျော်နေသော ပြဒါးရံနှင့် ပွစာကျဲနေသော ပစ္စည်းအတိုအထွာများအပြင် ၄ လုံး ၅လုံးခန့်ရှိမည့် ဝိုင်ပုလင်းခွံများကိုသာ တွေ့လိုက်ရလေသည်။ စိတ်ပျက်မှုက ယှဉ်တွဲလာပြီး ခေါင်းက အဆမတန်ထိုးကိုက်လာသည့်အတွက် မျက်မှောင်ကြုတ်ပြီး နာနာကျဉ်ကျဉ် ကြိမ်းမောင်းလိုက်သည်။

" အား.....ငါနောက်ဆိုဆင်ခြင်မှရတော့မယ် ခေါင်းကိုက်နေတာသေတော့မလိုပဲ "

ဆင့်က နာရီကိုလှမ်းကြည့်လိုက်သည့်အခါတွင် ည၈နာရီထိုးရန် အနည်းငယ်သာလိုတော့လေသည်။ အချိန်ကအတော်ပင် နောက်ကျသည့်အတွက် မနက်အစောပိုင်းထဲမှ ည၈နာရီလောက်ထိ မရပ်မနားအိပ်ပျော်လာသော မိမိကိုယ်ကို သံသယဝင်မိသည်။ မျက်လုံးမမှိတ်ခင်က လင်းထိန်သာယာနေသော ကောင်းကင်မှာ ယခုအခါတွင်တော့ အမှောင်အတိဖုံးနေပြီဖြစ်သည်။

" ငါဘယ်ချိန်တုန်းက အိပ်ပျော်သွားတာလဲ။ ဘာမှလည်း စဉ်းစားလို့မရဘူး ခေါင်းအရမ်းကိုက်နေတာပဲသိတယ် "

အနားတွင်လှုပ်လှုပ်ရွရွဖြစ်နေသော တိမ်ယံဆင့်ကြောင့် ပြဒါးရံပါနိုးလာခဲ့သည်။ ပြဒါးရံပုံစံသည်လည်း ဆင့်နဲ့ထူးခြားပြီး ကွဲပြားမနေပါချေ။ ထိုသူကထလာခြင်းမှာပင် ပြင်းပြင်းထန်ထန် ညည်းညူလိုက်သည်။

" အား.....ကျွတ်..! "

သူတို့နှစ်ယောက်လုံး အရက်ပင်လယ်ထဲ လက်ပစ်ကူးထားသလို နံစော်နေကြသည့်အပြင် အတော့်ပင်ပုံဆိုးပန်းဆိုးဖြစ်‌နေလေသည်။ အမှောင်ဖုံးနေသောကောင်းကင်ကို မြင်လိုက်ရသည့်အခါတွင် ပြဒါးရံက ကြောင်အစွာနားမလည်နိုင်အောင် ဖြစ်သွားခဲ့သည်။ ပထမဆုံးတွေးမိသည့်အရာမှာ " အချိန်က ဒီလောက်တောင် ဖြစ်သွားပြီလား " ဆိုတာပင်ဖြစ်သွားသည်။ ကြမ်းပြင်ပေါ်အိပ်နေခဲ့ကြသည့်အတွက် နှစ်ယောက်လုံး၏ နုနယ်လှသော ခြေဖျားလက်ဖျားလေးများက ရေခဲရိုက်ထားသလို အေးစက်နေကြပြီး ပြဒါးရံသည်လည်း သူဘယ်လိုအိပ်ပျော်သွားလဲ မမှတ်မိပါချေ။ နောက်ဆုံးမှတ်မိသည်က တစ်ယောက်တစ်လှည့် အမေးအဖြေလုပ်နေကြီး ဝိုင်ခွက်ကို အပြိုင်အဆိုင်သောက်နေကြခြင်းပေ။ ကျန်သည့်မှတ်ဉာဏ်များက ဖြတ်တောက်ခံလိုက်ရသည့်နှယ် ခြေရာကောက်ရန်အတွက် သဲစွန်စတောင် မကျန်ခဲ့ပေ။

Hate Poem Written With Love࿐Where stories live. Discover now