အစ်ကို နိုးခါနီးနေပြီ။
ဝန်း လွှားဆီကို မနက် လေးနာရီထဲကရောက်နေတာဖြစ်သည်။ ခြောက်နာရီကျော်ရင် အစ်ကိုက နိုးပြီမို့ အစ်ကို မနိုးခင် လွှားဆီကို လာကြည့်ရသည်။ ခုနစ်နာရီဆို မနက်စာ စားတတ်တဲ့ အစ်ကိုကြောင့် ၇နာရီဒေါင်ဆိုတာနဲ့ မနက်စာအဆင်သင့် ဖြစ်နေစေရသည်။

လွှားလက်လေးကို နေရာတကျလေး ပြန်တင်ပေးလိုက်ပြီး စောင်သေချာခြုံပေးကာ အစ်ကို့ဆီ ပြန်ရန် မတ်တပ်ရပ်လိုက်သည်။

" လွှား...... "

ဝန်း လက်ကို ကို ဆုပ်ကိုင်လာတဲ့ လက်နွေးနွေးလေး။

" လွှား လွှား သတိရပြီလား လွှား "

လွှားကိုအဆက်မပြတ်နှိုးခေါ်ရင် အရေးပေါ်ခလုတ်ကို အလောတကြီး တရစပ်နှိပ်လိုက်သည်။ လွှား ရဲ့ လက်နွေးနွေးလေးက ဝန်းရဲ့ လက်ကို ဆွဲထားသည်မှာ တင်းတင်းကြပ်ကြပ်။

ဝန်း ရဲ့ အရေးပေါ်ခေါ်သံကြောင့် တာဝန်ခံဆရာက ချက်ချင်းဆိုသလို အပြေးရောက်လာခဲ့သည်။ ထူးထူးခြားခြားမရှိ လွှားကို အခါတိုင်းစစ်ဆေးသလိုသာ စစ်ဆေးသည်။

" ဆရာ လွှား ကျွန်တော့်ကို လာကိုင်တယ် လွှား ကျွန်တော့်လက်ကို ကိုင်လာတယ် လွှား က ဘာလို့ မျက်လုံးမဖွင့်သေးတာလဲ ဟင် ကျွန်တော့်ကို တကယ် လာကိုင်တာ "

လွှား က ငြိမ်သက်မြဲ ငြိမ်သက်ဆဲ မလို့
လွှား သတိရလာလေမလား ဆိုတဲ့ စိတ်ဖြင့် တာဝန်ခံဆရာဆီ အားကိုးတကြီး မြည်တမ်းပြောဆိုမိသည်။

" စိတ်အေးအေးထားပါ လူနာက သတိမေ့နေပေမယ့် အသိစိတ်ရှိနေတာကြောင့် သူ့အနားမှာ ​ဖြစ်သမျှပျက်သမျှပြောသမျှတွေ သိကြားနေချင် နေပါလိမ့်မယ် မစိုးရိမ်ပါနဲ့ ဒါဆိုးတဲ့လက္ခဏာမဟုတ်ပါဘူး တဖြည်းဖြည်း နဲ့ သတိရလာတော့မှာပါ နိုးထချင်စိတ်ရှိတဲ့အခါ နိုးထလာပါလိမ့်မယ် "

" နိုးထချင်စိတ် ..... "

" လူနာအတွက် လိုအပ်တဲ့ ဆေးတွေ ထပ်ဝယ်ဖို့ ကျွန်တော် အညွှန်းရေးပေးပါ့မယ် ကျွန်တော်နဲ့ ခနလိုက်ခဲ့ပေးပါ "

.

" ဂွီ~~~~~ "

ကိုယ့်တာဝန်ကို သိတဲ့ အစာအိမ်က အခုချိန်ထိ သူ့တာဝန်ကို မထမ်းဆောင်ရသေးတာကြောင့် အသံပေးကာ ဆန္ဒပြလေပြီ။ နာရီလက်တံတိုလေးက ၉
တည့်တည့်မှာ လက်တံရှည်လေးက ဂဏန်း ၁၂ ပေါ်မှာ ။ အချိန်က နောက်တစ်ပတ် ထပ်လည်သွားပြန်ပြီပဲ ။

When You Find Lost Love AgainDonde viven las historias. Descúbrelo ahora