သူမထက်ပိုစွာ စိတ်ဝင်တစား လေ့လာနေသောသူကတော့ ကလေးပြုစုစောင့်ရှောက်ရေးနှင့် သက်ဆိုင်သည့် Certificate ကိုတောင် ထုတ်ပေးလို့ရသည်အထိပင် သေချာနားလည်နေပြီဖြစ်သည်။ကိုယ်ဝန်နှင့်သူမကို ခဏတစ်ဖြုတ်သာချီခိုင်းသော်လည်း သူ့လက်ထဲမှာကတော့ ကလေးက အချိန်ပြည့်ရှိနေသည်။ထို့ကြောင့် သူကချီ သူမကချော့နှင့် အမြဲလိုလိုချီနေကြသောကြောင့် ကြာလာလျှင် သီဟကတော့ ဘာမှမပြောပေမဲ့ ဝင့်ဝါက ပေါ်တင်ပြောလာလေတော့သည်။
"ဟဲ့..ငါတို့ကလေး ငါတို့ပြန်ပေးပါဦး...။နင်တို့လဲ အချိန်တန်ရင် နှစ်ယောက်တောင် မွေးမှာလေ...။ဘာလို့ သူများကလေးကို ဇွတ်အတင်း လုချီနေကြတာလဲ...။အခုချက်ချင်း နင့်ယောက်ျားလက်ထဲက ကလေးကို ငါ့ယောက်ျားကလေးအဖေဆီ ပြန်ပေးခိုင်းလိုက်.."
သူမကလည်း ဟုတ်နေသည်မို့ အရင်လိုပြန်မပြောတော့ဘဲ သူ့ကိုမျက်ရိပ်လှမ်းပြလိုက်လျှင် သူက ဘေးမှာ မျက်နှာငယ်လေးနှင့် ရပ်ကြည့်နေသည့် သီဟဆီသို့ ကလေးကို ပြန်ပေးလိုက်လေသည်။ဒါကိုပင် မနေနိုင်သောသူမက တစ်ခွန်းလောက်တော့ ပြန်ပြောလိုက်သေးသည်။
"ငါတို့က စေတနာနဲ့ နင်တို့မပင်ပန်းရအောင် ကလေးလာထိန်းပေးနေတာကို ကျေးဇူးတင်မယ်မရှိဘူး...။ပြန်ပြီးတော့တောင် ရန်တွေ့နေလိုက်သေးတယ်ဟုတ်လား..."
"အောင်မယ်.....လာ လာချည်သေးတယ်...။နင်တို့က ကလေးထိန်းပေးတာမှမဟုတ်တာ..။မိုးလင်းကနေမိုးချုပ် အချိန်ပြည့် ကလေးကို မောင်ပိုင်စီးနေကြတာလေ...။ဘာကိစ္စကျေးဇူးတင်ရမှာလဲ..."
ပြောနေရင်းနှင့် သီဟလက်ထဲကနေ ကလေးကထငိုလျှင် သူက ချက်ချင်းပဲ လက်ပြောင်းယူကာ သူမကလည်း အပြေးသွားပြီး ချော့မော့သည်။ထိုအခါ သူတို့ကို ကိုယ်စိတ်နှလုံး ပိန်ချုံးစွာနှင့် ကြည့်နေမိသောသီဟက ဝင့်ဝါကို လုပ်ပါဦးဆိုသည့်အကြည့်နှင့် အားကိုးတကြီးလှမ်းကြည့်လိုက်လျှင်
"ဖယ် ဖယ်...ဖယ်ကြတော့..။ကလေးက နို့ဆာလို့ငိုတာကို နင်တို့နှစ်ယောက် တိုက်ကြမှာလား...။ငါတကယ်စိတ်ညစ်လာပြီ..။သွား.. ကိုယ့်အခန်းကိုယ် ပြန်လိုက်ကြတော့..။ကြာရင် ကလေးက အဖေအမေဆိုတာ ဘယ်သူမှန်းတောင် သိမှာမဟုတ်တော့ဘူး..."
ပြောရင်းဆိုရင်းပင် သူ့လက်ထဲက ကလေးကိုလွှဲယူလိုက်ရင်း နှစ်ယောက်လုံးကို တွန်းမထုတ်ရုံတမယ် နှင်လွှတ်နေသောကြောင့် သူမတို့က မပြန်ချင်သေးသော်လည်း သံယောဇဉ်မပြတ်စွာနှင့်သာ ပြန်ခဲ့ကြရသည်။
သည်လိုနှင့်ပင် ပြင်ဦးလွင်မှာ အချိန်တစ်ခုကြာအောင် ရလျှင်ရသလို ဝင့်ဝါ၏သားအား မောင်ပိုင်စီးကာ နေခဲ့ကြပြီးလျှင် မန္တလေးသို့ ပြန်ဆင်းဖြစ်ခဲ့ကြပြန်သည်။အကြောင်းမူကား သူမ၏ယောင်းမဖြစ်သူက မွေးကာနီးပြီဖြစ်သောကြောင့်ပင်။သို့နှင့် သူမ၏တူလေး မွေးသည့်နေ့မှာ သူကတော့ ပြုံးစစနှင့် ကျေနပ်အားရစွာ ပြောလာလေသည်။
"ဘာပဲဖြစ်ဖြစ် ကိုယ်တို့အမြွှာလေးတွေ မွေးလာလို့ကတော့ ထိန်းဖို့ကျောင်းဖို့ ရယ်ဒီဖြစ်နေလောက်ပြီ...။ရှေ့မှာ ဒီလို ကြိုတင်လေ့ကျင့်လို့ရတဲ့ အခွင့်အရေးတွေရှိနေလို့ တော်သေးတာပေါ့ ဟွန်းဟွန်း..."
သို့သော် သူမ၏အစ်ကိုဖြစ်သူကိုတော့ ဝင့်ဝါတို့လို စိတ်ရှိတိုင်းအနိုင်ယူ၍မရဘဲ မျက်နှာကြည့်ကာ နေနေရသည်။အခြေအနေအချိန်အခါကြည့်ကာ လစ်သည်နှင့် ကလေးက သူ့လက်ထဲရောက်နေပြီဖြစ်ပြီး ကိုကြီးလာလျှင်တော့ ရူးချင်ယောင်ဆောင်၍ ပြန်ပေးလိုက်ရသည်ပင်။ထိုသို့ဖြင့် ကလေးနှစ်ယောက်ကို အတန်ကြာအောင် အချိန်ပေးကာ လေ့ကျင့်ရေးဆင်းခဲ့သောသူက တဖြည်းဖြည်းနှင့် ကလေးရေးရာပြုစုစောင့်ရှောက်ခြင်း ဗျူဟာအဖြာဖြာတို့အား ကျွမ်းကျင်ပိုင်နိုင်လှသည့်အဆင့်သို့ပင် ရောက်လာခဲ့လေပြီ။သို့နှင့် အားရကျေနပ်အောင် သင်တန်းဆင်းခဲ့ပြီးသည့်နောက္မှာတော့ ကိုယ့်ကိုယ်ကိုယ် ပညာစုံပြီဟု ယူဆရသောအချိန်တွင် နှစ်ယောက်သားသည် အခြေချနေထိုင်ရာ ချစ်ရပါသော ထင်းရှူးမြေဆီသို့ ပိုင်ပိုင်နိုင်နိုင်ပင် ပြန်ခဲ့လိုက်ကြလေတော့သည်။
---------------------------------***********-------------------------
*လမ်းထိပ်မြီးရှည်ဆိုင်ကနေ နိဗ္ဗာန်အထိ ကိုယ်တို့အတူတူသွားကြတာပေါ့*
ဒီစာသားလေးက ဆရာမောင်သိန်းဇော်၏ ပန်းကလေးကဗျာမှ
*ပန်းကလေးရေ...
လမ်းထိပ် မုန့်ဟင်းခါးဆိုင်လေးကနေ
နိဗ္ဗာန်အထိ မင်းနဲ့အတူသွားချင်တယ်*
ဟူသော စာသားလေးအား ကိုးကားအသုံးပြုထားပါသည်။
--------------------------------
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...
Practice
Start from the beginning
