အစကတော့ သူ့ကို ဗထူးမြီးရှည်စားရန် ခေါ်သွားမလို့ပင်ဖြစ်သည်။သို့သော် သူမစိတ်ကိုသူမ မပိုင်တော့သည်ကြောင့် ချင်ခြင်းတပ်လာသည့် ဝက်သားသုပ်ရှိရာ (၁၆)လမ်းသို့သာ သွားလိုက်ရတော့သည်ပင်။ဆိုင်ဖွင့်ချိန်နှင့်အံကိုက် စောစောသွားလိုက်သည်မို့ ခါတိုင်းလို မျက်နှာကြည့်နေစရာမလိုဘဲ ရှောရှောရှူရှူနေရာရသည်။ဆိုင်ကိုရောက်သည်နှင့် ခွေးခြေခုံပေါ်တင်စားရသည်ကို အထူးအဆန်းဖြစ်နေသောသူကတော့ စိတ်ထဲမှာလည်း ဒါက နာမည်ကြီးဆိုင်ရောဟုတ်ရဲ့လား ဟု တွေးနေမိလေသည်။ထို့နောက် သူမ မှာထားသမျှတွေရောက်လာ၍ သူက သေချာနယ်ပေးကာ စားဖို့ပြင်ပေးနေစဉ်မှာပင် တဖွဲဖွဲနှင့် ရောက်လာသောလူတွေက တစ်ခဏအတွင်းမှာပဲ တစ်ဆိုင်လုံး နေရာပြည့်သွားချေပြီ။ထိုအခါ မုန့်ပွဲပြင်သူသည် နတ်ကနားပွဲမှာ အပီအပြင် လက်စွမ်းပြနေသည့် ဆိုင်းဝိုင်းအလယ်က ဆိုင်းဆရာကဲ့သို့ပင် တရစပ်မုန့်ပွဲပြင်နေရသည်မှာ တစ်စက္ကန့်လေးတောင်မနားရတော့။သို့နှင့်ပင် မြီးရှည်ဖတ်ကို ရေနွေးဖြောသည့်အချိန်မှာ ထွက်ပေါ်လာသည့် ပန်းကန်နှင့်ယောက်ချို ထိခတ်သံ၊အသားတွေ အခေါက်တွေကို မနားတမ်းညှပ်နေရသည့် ကပ်ကြေးသံ တချပ်ချပ်တို့ကြားမှာ သူက ယောင်တောင်တောင်နှင့် တအံ့တဩဖြစ်နေရသည်။

ထိုအချိန်မှာ သူမကတော့ သူနှင့်ဆန့်ကျင်ဘက်ပင် ပျားပန်းခပ်နေသော ဘေးပတ်ဝန်းကို ကျင့်သားရနေသလိုဖြင့် သူမရှေ့က မြီးရှည်ပွဲနှင့် အသားသုပ်ပန်းကန်တွေဆီမှာသာ အာရုံအပြည့်ရှိနေသည်။သူမတစ်ယောက်တည်းစားနေရလျှင် ပျင်းနေမည်စိုး၍ သူ့အတွက်ပါ တစ်ပွဲမှာထားသော်လည်း စားလေ့စားထမရှိသောသူက စားချင်စိတ်သိပ်မရှိပေ။ထို့အပြင် ဆိုင်အတွင်းမှာ လူရှုပ်လာပြီဖြစ်သောကြောင့်လည်း အနည်းငယ်စိတ်အိုက်သလို ခံစားနေရလေသည်။

မျက်စိရှေ့မှာ သူမကတော့ အစုံပွဲကြီးမှာထားသော မြီးရှည်ပန်းကန်ကို ခုံပေါ်မှာတောင်တင်မစားဘဲ လက်နှင့်ကိုင်ကာ မျက်နှာအပ်၍စားနေသည်မှာ ခေါင်းပင်မော့မလာ။အတန်ငယ်ကြာသွားမှသာလျှင် သူမက ခေါင်းပြန်မော့လာသော်လည်း သူ့ကိုတစ်ချက်မကြည့်ဘဲ ဝက်သားအစုံသုပ်ပန်းကန်ကိုသာ လှမ်းနှိုက်လေသည်။ဒီဆိုင်၏ထူးခြားချက်က ဝက်တစ်ကောင်လုံး၏အစိတ်အပိုင်းအားလုံးကို တုတ်ထိုးဆိုင်ရောက်သွားသကဲ့သို့ ကိုယ်ကြိုက်နှစ်သက်ရာ သုပ်ခိုင်း၍ရခြင်းပင်ဖြစ်သည်။သို့နှင့်ပင် သူငေးကြည့်နေတုန်းမှာ သူမက ဝက်အူနုတစ်ဖတ်ကိုယူစားပြီးလျှင် ဟင်းရည်ပူပူကို ခပ်သောက်ပြန်သည်။ထိုကဲ့သို့သော ကိုယ်ပြောတတ်လျှင် ပြောတတ်သလောက် ထည့်ပေးတတ်သည့် လူထုသတ်၍ရသော ဝက်ရိုးကြီးတွေနှင့် ဟင်းရည်ပူပူကို ဒီဆိုင်မှာ ရနိုင်သေးလေသည်။

You are the only Exception!Donde viven las historias. Descúbrelo ahora