သို့နှင့်ပင် အားလုံးပြည့်စုံသွားသည့်အချိန်မှာ အဆုံးသတ်အနေဖြင့် ဖုံးအုပ်ဖြည့်စွက်ပေးလိုက်သည်ကတော့ စအုကြော် ခေါ် ဂျုံလုံးကြော်လေးသာပင် ဖြစ်သည်။ပြောရလျှင် မန္တလေးမှာက ထိုဂျုံလုံးကြော်ထည့်သည့်ပုံစံကပင် တစ်ဆိုင်နှင့်တစ်ဆိုင်က မတူညီကြသေးပါချေ။တချို့က ဂျုံကို စအုကြော် ကြော်သည့်အတိုင်း ခပ်ပွပွ ခပ်ရွရွနှင့် အပျော့ကြော်လေးကြော်၍ ထည့်ပေးပြီး တချို့ဆိုင်များကတော့ အီကြာကွေးကို ခပ်သေးသေးအရွယ်လေးတွေညှပ်ပြီး အကြွပ်ကြော်ကာ အကြွပ်ကြော်ဟူ၍ ထည့်ပေးကြလေသည်။ထို့အတူပင် တချို့သောဆိုင်များကတော့ အပျော့ကြော်တွေ အကြွပ်ကြော်တွေသာမက ဝက်ဆီဖတ်ကြော်နှင့် ဝက်ခေါက်ကြော်ကိုပါ ထည့်ပေးတတ်သည်က ရှိကြသေးလေသည်။ထို့ကြောင့် အနှစ်ချုပ်ရမည်ဆိုလျှင် မန္တလေးမြီးရှည်သည်ကား ပင်တိုင်ပါဝင်ပစ္စည်းများကတော့ မူလလက်ဟောင်းပုံစံအတိုင်း လက်ရာမပျက်သော်လည်း အဆာပလာများမှာကတော့ တစ်ဆိုင်နှင့်တစ်ဆိုင်က သူ့လက်ရာနှင့်သူ အနည်းငယ်ကွဲပြားစွာ ရှိနေကြသည်သာပင်။
ထိုကဲ့သို့ Version အမျိုးမျိုးနှင့် တစ်ဆိုင်တစ်မျိုး မရိုးရအောင် မတူညီစွာ ပြုလုပ်ရောင်းချကြသည်ကြောင့် မည်သို့ပင် အရသာကွဲပြားပါသော်လည်း ဆိုင်တိုင်းက သူ့အရသာနှင့်သူ စားကောင်းကြလေသည်။အကယ်၍ မန္တလေးကိုရောက်ချိန်၌ မြီးရှည်စားမည်စိတ်ကူးကာ မန္တလေးသူ၊မန္တလေးသားများအား မြီးရှည်ဘယ်ဆိုင်ကောင်းလဲ ဟုသာ သွားမေးလျှင် မေးတဲ့သူ ရူးသွားနိုင်အောင် ပြန်ဖြေကြပေလိမ့်မည်။အဘယ်ကြောင့်ဆိုသော် နာမည်ကြီးလူကြိုက်များသောဆိုင်များက ဧည့်သည်များသာ အစားများကာ မြို့ခံများကတော့ ဆိုင်တကာ လှည့်ပတ်စားသောက်နေကြသည်မို့ပင်။
လူတစ်ကိုယ်အကြိုက်တစ်မျိုးမဟုတ်ဘဲ လူတစ်ကိုယ်တည်းကိုက အကြိုက္မျိုးစုံနေသည်မို့ ဆိုင်ပေါင်းသောင်းခြောက်ထောင်ကို လမ်းနံပါတ်များနှင့်တကွ မူးမေ့လဲချင်စရာ ပြောပြကြပါလိမ့်မည်။မည်သို့ပင်ဖြစ်စေ မန္တလေးမြီးရှည်သည်ကား သူ၏ဖြစ်တည်မှုကိုက ကောင်းမွန်ပြီးသားဖြစ်သောကြောင့် အကယ်၍ မန္တလေးရောက်ပြီး ဘယ်ဆိုင်စားရမည်မှန်းမသိဖြစ်နေလျှင် ရောက်သည့်နေရာက တွေ့တဲ့သူကိုသာမေးပြီး ဒီနားလေးက မြီးရှည်ဆိုင်ကောင်းတာလေး ညွှန်းပေးပါ ဟူ၍သာ ပြောလိုက်ပါ။ပြီးလျှင် ညွှန်းသည့်ဆိုင်မှာ စိတ်ချလက်ချ ထိုင်စားကြည့်ပါ။စားမဖြစ်ဘူးဆိုသည့်အရသာမျိုး မရှိဘူးဆိုသည်ကိုတော့ အာမခံပေးလို့ရလေသည်။သို့သော် အငန်မကြိုက်သောသူက ပဲငါးပိပိုပိုထည့်ကာ အလေးရောင်းသည့်ဆိုင်ထိုင်မိလျှင်တော့ ကိုယ့်ထိုက်နှင့်ကိုယ့်ကံ ကော်ရည်လေးထပ်ထည့်ခိုင်းပြီး လိုတိုးပိုလျှော့ ဟင်းရည်လေးဆမ်းစားရန်သာ ပြောပေးရုံပဲ တတ်နိုင်ပေမည်။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...
Practice
Start from the beginning
