မန္တလေး အထမ်းမြီးရှည်၏ မုန့်ပွဲပြင်ဆင်ပုံမှာမူကား အရင်ဦးဆုံးအနေဖြင့် မြီးရှည်ဖတ်နှင့် ပဲပင်ပေါက်ကို ဝက်ပြုတ်ရည်အိုးကြီးထဲမှဟင်းရည်ပူပူဖြင့် ယောက်ချိုနှင့်ပန်းကန်ခေါက်သံ တဂေါက်ဂေါက်ထွက်အောင် အထပ်ထပ်ရေနွေးဖြောပေမည်။ပြီးလျှင် ပူပူနွေးနွေးမုန့်ဖတ်အိစက်စက်လေးပေါ်သို့ အရသာတို့ပေါင်းစည်းအသားကျသွားစေသောနေရာမှာ အဓိကဖြစ်သည့် နို့ထမင်းကဲ့သို့ပျစ်နေအောင်ကျိုထားသော ကော်ရည်ဖွေးဖွေးအား ထည့်လေမည်။ထို့နောက်တွင်မူ အဖြူရောင်ကင်းဗတ်စပေါ်မှာ ဆေးရောင်လေးထပ်တင်လိုက်သကဲ့သို့ ကော်ရည်ဖြူဖြူပုံ့ပုံ့လေးအပေါ်မှာ ထပ်တင်လိုက်သည်ကတော့ အညိုရောင်ပဲငပိအရည်ကျဲကျဲလေးသာပင် ဖြစ်လေသည်။မြီးရှည်တစ်ပွဲ၏ ပြီးပြည့်စုံသောအနံ့နှင့်အရသာကို ဖန်တီးရာမှာ အခရာကျလှသည့်ပဲငပိသည် ပဲငပိမကောင်းလျှင်၊ပဲငပိအသုံးလွဲလျှင် မြီးရှည်တစ်ပွဲသည် ဝက်တစ်ကောင်လုံးပစ်ထည့်ပြီး မည်မျှပင် အသားတွေ အခေါက်တွေ များနေပါစေ..အနံ့အရသာ၏စံနှုန်းမှာ မြီးရှည်၏စံနှုန်းအတိုင်းမရရှိနိုင်တော့။မန္တလေးမြီးရှည်၏ မူပိုင်အရသာမှာ အငန်ဘက်ကိုတန်းတန်းသွားသည့်သဘောရှိသည်မို့ အငန်အရသာပဲငပိကိုမထည့်ဘဲ ရှမ်းဆိုင်တွေမှာသုံးသည့် ပဲငပိအချိုကို သွားထည့်မိလျှင် ထိုနေရာမှာပဲ လမ်းဆုံးသွားမည်သာဖြစ်ပေသည်။

ထိုသို့ဖြင့် ပဲငပိထည့်ပြီးလျှင် ဆက်ပြီး ပေါင်းထည့်လိုက်သည်မှာ မြီးရှည်ဟင်းရည်၏ အဓိကအသက်ဖြစ်သော ရှတတ မွှေးမြမြနှင့် တစ်မျိုးထူးဆန်းစွာ အရသာပေါ်လာတတ်သည့် ကြက်သွန်ဖြူနှင့်တရုတ်နံနံရောစပ်ထားသည့်အရည်၊အနံ့မွှေးမွှေး ငရုတ်သီးကြော်အပေါ်၌ ဆီပူထပ်လောင်းထားသည့် ဆီနီ ခေါ် ငရုတ်ဆီနှင့် ငရုတ်သီးအနှစ် စသဖြင့် အားလုံးပေါင်းထည့်ပြီးသည့်အခါတွင်မူ အသား၊အခေါက်နှင့် အလိုရှိရာ အစိတ်အပိုင်းတို့အား  ကတ်ကြေးသံလေး တချပ်ချပ်ပေးကာ ဖောဖောသီသီ ညှပ်ထည့်ပေးပါလိမ့်မည်။ရှေးယခင်ကတော့ ဤမျှလောက် အမျိုးမစုံသေးသည်မို့  အသားနှင့်အခေါက်တို့အား ဟင်းရည်အိုးထဲမှဆယ်ယူ၍ မုန့်ပွဲပြင်မှသာလျှင် လိုသလောက်ကို ယူပြီးပြင်ရန်အတွက် စဉ့်အင်တုံအသေးလေးထဲ၌ အရန်သင့်ထည့်ထားလေ့ရှိလေသည်။ထိုမြင်ကွင်းမျိုးလေးသည် မန္တလေးရှိ အချို့သောအထမ်းမြီးရှည်ဆိုင်လေးများ၌ ယခုအချိန်ထိတိုင်ပင် ချစ်စဖွယ်မြင်တွေ့နိုင်သေးပေသည်။ထို့အပြင် မြီးရှည်ဆိုင်းထမ်းလေးပေါ်မှာ အစီအရီတင်ထားသည့် ချိုင့်ရှည်လေးများဖြင့် ပါဝင်ပစ္စည်းများကိုထည့်ထားတတ်သည့်ပုံစံကလည်း မန္တလေးအထမ်းမြီးရှည်၏ မြင်တွေ့နေကျ မတိမ်ကောဖွယ်ရာ စတိုင်တစ်ခုသာပင် ဖြစ်ပေသည်။

You are the only Exception!Where stories live. Discover now