" အရောင်လည်းမတူဘူး....ကျွန်တော့်ဟာဟုတ်ဘူး "

" ဝှစ် "

" ခ...ခဏ...."

တိမ်ယံဆင့်က အရောင်မတူဘူးဟုဆိုကာ ပိုက်ဆံအိတ်ကိုတွေ့ကရာ လှမ်းပစ်လိုက်လေသည်။ ပြဒါးရံက တားနေသောစကားပင် ဆုံးအောင်မထွက်နိုင်ဘဲ ထိုအိတ်ကကံဆိုးစွာ ငါးကန်ထဲကျသွားပြီး ရေအောက်တွင်ငါးတို့နှင့်အတူ ပျော်မြူးနေသည်။ အိတ်ထဲပါသွားသော ချက်လတ်မှတ်အချို့ကတော့ သိကြားမင်းဆင်းကယ်တောင် အသက်ရှိတော့မည်မထင်ပါချေ။

" ဝေါ့....အဟွတ်...ဟွတ် "

" ဘာဖြစ်တာလဲဆင့် "

ပါးစပ်ကိုလက်နှင့်အုပ်ကာ အဆင်မပြတ်ပျို့တက်နေသော ဆင့်ကို ပြဒါးရံက စိုးရိမ်တကြီးမေးလိုက်သည်။ သို့သော် ဆင့်ကပြန်မဖြေနိုင်ပါချေ။ ပြန်ဖြေလိုက်လျှင် အကုန်အန်ထွက်ကုန်မည်ဖြစ်ပြီး ပျိူ့တက်လာသောခံစားချက်က သူ့ကိုနေရခက်စေသည်။ဗိုက်ကိုနှိပ်လိုက်လျက် ပါးစပ်ကိုလက်ညှိုးထိုးပြကာ ခြေဟန်လက်ဟန်ဖြင့် ပြန်ပြောလိုက်သော်လည်း ဒူဝေလှသော ပြဒါးရံကနားမလည်ပါ။

" ကိုယ်ဝန်ရှိနေတာလား "

တိမ်ယံဆင့်က ထိုစကားကြောင့်စိတ်တိုလွန်း၍ မျက်နှာပင်ရဲလာရသည်။ နောက်ဆုံးတွင် ထိန်းချုပ်နိုင်စွမ်း ကုန်ဆုံးသွားသည့်အတွက် အိမ်အနှံ့ပတ်ပြေးပြီး ရေချိုးခန်းကိုအသည်းအသန်ရှာရ‌သည်။ ပြဒါးရံကလည်း နောက်မှပြေးလိုက်လာကာ ရေချိုးခန်းတွင် ထိုးအန်နေသော တိမ်ယံဆင့်ကိုမြင်မှ ကျောကိုခပ်ဖွဖွပုတ်ပေးလျက်  အပြစ်တင်လာခဲ့သေးသည်။

" အန်ချင်နေတာလား ကိုယ့်ကိုအစထဲကပြောလေ"

ဆင့်က ထိုလူသားကို လျစ်လျူသာရှုထားလိုက်တော့သည်။ ထင်ချင်ရာသာ ထင်ပါစေတော့ ရှင်းပြရမည်မှာ မောလှသည်။ အန်လို့ပြီးသွားသည့်ခံစားချက်က သူ့ထံတွင် အနည်းငယ်ကျန်နေသော အားအင်များကိုပါအန်ထုတ်လိုက်ကသလိုပါပင်။ မတ်တပ်တောင်ကောင်းကောင်း မရပ်နိုင်တော့သောကြောင့် ဆင့်ကထိုင်ချလိုက်တော့ ပြဒါးရံကပါ လိုက်ထိုင်လာသည်။

" အိပ်ချင်တယ် "

" အရင်အဝတ်လဲလိုက်ဦး အရက်နံ့တွေစွဲနေတယ် ကိုယ့်အင်္ကျီအသစ်တွေသွားယူပေးမယ် "

Hate Poem Written With Love࿐Where stories live. Discover now