" အင်း.. မနေ့တုန်းက တစ်ခေါက်သွားခဲ့သေးတယ်၊ အဲ့နေရာကအတော်လေးကောင်းတယ် ဒါပေမယ့်..  "

" ဒါပေမယ့် ဘာဖြစ်လို့လဲ "

ယူရှောင်မို သိလိုသဖြင့် ဝင်မေးလိုက်သည် ။

ဖန်ချီယွင်းမှ ဆက်ဖြေပေးသည် ။

" ဒါပေမယ့် ကန့်သတ်ချက်တွေက အရမ်းတင်းကြပ်တယ်လေ၊ ငါကြားတာ အရင်တုန်းက ဒီလောက်မကန့်သတ်ထားဘူးတဲ့၊ ဒါပေမယ့် ကိစ္စတစ်ခုဖြစ်သွားလို့ စည်းမျဉ်းတွေကို ချက်ချင်းပြောင်းလိုက်ရတာတဲ့၊ မနှစ်ကမှစပြောင်းထားတာလို့ ပြောတယ်.. "

ကျင့်ကြံရေးခန်းမဆိုသည်မှာ ကျောင်းခွဲတစ်၏ ပြိုင်ဘက်ကင်းဝိသေသတစ်ခုဖြစ်ပြီး ကျောက်သားဖြင့် ဖွဲ့စည်းထားသော အခန်းငယ်များစွာပါဝင်သည့် စက်ဝိုင်းပုံအဆောက်အအုံ အကြီးကြီးဖြစ်သည်၊ လင်းရှောင်ပြောခဲ့သလိုပင်၊ အတွင်းပိုင်းပိုကျလေ ကျင့်ကြံရေးအတွက်ပိုကောင်းလေဖြစ်သည်၊ သို့သော်..


လွန်ခဲသည့်တစ်နှစ်ခန့်က ကျင့်ကြံရေးခန်းမမှာ ယခုကဲ့သို့ မတင်းကြပ်သေးပေ၊ သို့သော်မနှစ်ကစ၍ အသုံးပြုခများအား ထက်ဝက်နှုန်းအထိ ဈေးမြှင့်လိုက်သောအခါ  ပုံမှန် တစ်နေ့ လေးမှတ်ပေးရသောအခန်းအား လက်ရှိအခါ ခြောက်မှတ်အထိ ပေးသုံးနေရလေတော့သည် ။

၎င်းမှာ ကျောင်းသားအများစုအတွက်  သတင်းဆိုးဖြစ်၏၊ တစ်နေ့တစ်နေ့ အမှတ်ရှာဖွေရသည်မှာ မလွယ်ကူသောကိစ္စတစ်ခုဖြစ်ပြီး ရုတ်တရက် အသုံးပြုခများ တိုးမြှင့်လိုက်သောအခါ အများစုက ကျင့်ကြံရေးခန်းမသို့ဝင်ရန် တွေဝေသွားကြတော့သည်၊ ထို့အပြင် ထိုကိစ္စနှင့်ပတ်သက်၍  ကျောင်းတော်ဘက်မှလည်း ဘာဖြေရှင်းချက်မှ ထုတ်မပေးသဖြင့် ထိုကိစ္စမှာ ကျောင်းသားများအကြား မကျေလည်နိုင်သော ကိစ္စတစ်ခုအနေဖြင့်သာ ကျန်ရှိနေသည်၊ သို့သော်လည်း ကျောင်းသားများမှာ ဤကဲ့သို့ ကျင့်ကြံရေးအတွက် အလွန်အထောက်အကူပြုသည့် အံ့ဖွယ်နေရာတစ်ခုအား မစွန့်လွှတ်နိုင်ကြသဖြင့် ကျင့်ကြံရေးခန်းမ၌ နေ့တိုင်း လူအပြည့်ဖြင့်သာ စည်ကားမြဲစည်ကားနေရခြင်းဖြစ်သည် ။

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now